
မကွေးတိုင်း၊ ပေါက်မြို့နယ် အရှေ့ခြမ်းမှာရှိတဲ့ ကျေးရွာ ၃ ရွာကို ဩဂုတ် ၁၁ ရက် မနက် ၉ နာရီမှာ စစ်တပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံရွာသားတယောက်က “ကြဲမယ်လို့ ထင်မထားဘူးလေ။ မြေပြင်မှာတော့ စစ်တပ်ရဲ့ ရိက္ခာပို့ယာဉ်တန်းတော့ ရှိတယ်။ ကျနော်တို့ရွာတွေနဲ့ ဝေးသေးတယ်။ အဲဒီလိုဝေးလို့ ရွာပေါ်ကို မချလောက်ဘူးလို့ ထင်ထားတာပေါ့။ အခုတော့ ဗုံးကြဲတာမှ မိုးရွာတဲ့အတိုင်းပဲ အစ်ကိုရယ်။ ကြဲတဲ့ရွာတွေက တင်ငုတ်ပြင်ရွာ၊ သေနပ္ပင်ဇင်းရွာနဲ့ ညောင်ပင်တိုက်ရွာတွေကို ကြဲချသွားတယ်။ ပြည်သူ ၄၀ လောက် ထိတယ်ဗျ။ သေဆုံးတာကလည်း ၅ ယောက် နေရာတင် သေဆုံးတယ်ဗျ။ အဲဒီထဲမှာ ၅ နှစ်အရွယ် ကလေးငယ်တဦး၊ ၁၂ နှစ်အရွယ် ကလေးငယ်တဦးနဲ့ ကျန်တာတော့ လူကြီးတွေ ဖြစ်တယ်ဗျ” လို့ ပြောပါတယ်။
ဒဏ်ရာရသူ ၄၀ ထဲမှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ လူနာတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
အဆိုပါလေယာဉ်ဟာ တံတားဦးလေတပ်က တက်လာတဲ့ Y 12 လေယာဥ်အမျိုးအစား ဖြစ်တယ်လို့လည်း သိရပါတယ်။
ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူ ကိုထွေးညိုက “စစ်တပ်က ကျနော်တို့ ပေါက်မြို့နယ်ကို Y-12 လေယာဥ်အမျိုးအစားနဲ့ စုစုပေါင်း ၁၃ ကြိမ်၊ ဗုံးသီးအလုံးရေ ၅၀ ခန့် ကြဲချ တိုက်ခိုက်သွားတာပါဗျ။ ပြည်သူထိခိုက်သေဆုံးမှုကတော့ များတယ်ဗျ။ ဩဂုတ်လ ၆ ရက်နေ့လောက်ကတည်းက ကျနော်တို့ ပေါက်နယ်ဘက်ကို နေ့တိုင်းလိုလို လေယာဉ်နဲ့ ဗုံးကြဲချနေတာပါ။ ဘာဖြစ်လို့ အဲဒီလိုကြဲချနေတာလဲဆိုတော့ ကျနော့်အမြင်ကတော့ ပျူရွာတွေ ရိက္ခာပို့မယ့် ယာဉ်တန်းကို အကာအကွယ်ပေးပြီး ပြည်သူရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာ ဖြစ်တယ်” လို့ ပြောပါတယ်။
စစ်တပ်ရဲ့ ရိက္ခာပို့ယာဉ်တန်းဟာ ပခုက္ကူ တပ်မ ၁၀၁ ကနေ မေ ၂၆ ရက်က စတင်ထွက်လာခဲ့တာဖြစ်ပြီး မြိုင်မြို့နယ်ကို ဖြတ်သန်းခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့လည်း ၂ လကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အခုလို ဒေသတွင်းမှာ စစ်တပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်တာကြောင့် ပေါက်မြို့နယ်အတွင်း ကျေးရွာ ၁၀ ရွာက ပြည်သူ ၂၀,၀၀၀ ကျော် နေရပ်စွန့်ခွာနေကြရပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေလည်း အရေးပေါ် လိုအပ် နေပါတယ်။