
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တောင်ရင်းရွာအနီး ခရီးသွားယာဉ်တွေ ရပ်နားပြီး စားသောက်လေ့ရှိတဲ့ စားသောက်ဆိုင်နေရာကို စစ်တပ်က ဩဂုတ် ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်မှာ လေယာဉ်နဲ့ ဗုံးကြဲချတာကြောင့် ပြည်သူ ၆ ယောက် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဒေ ဒေသခံတွေက ပြောပါတယ်။
အခုဗုံးကြဲချသွားတဲ့ နေရာဟာ စစ်ကိုင်းမြို့နယ် အရှေ့မြောက်ခြမ်း၊ တောင်ရင်းရွာအရှေ့ဘက် ၁၄ မိုင်၊ အမှတ် (၃) ဗျူဟာလမ်းမပေါ်မှာရှိတဲ့ လူစည်ကားတဲ့နေရာဖြစ်တယ်လို့ သိရပါတယ်။
ဒေသခံကူညီရေးသမားတယောက်က “အဲဒီနေရာက ခရီးသွားကားတွေ၊ ဆီဘောင်ဆာတွေ ရပ်နားကြတာ။ လူစည်ကားရာ နေရာလို့လည်း ပြောလို့ရတယ်။ မြေပြင်မှာတော့ ဘာတိုက်ပွဲမှ မဖြစ်ဘူးရယ်၊ သူတို့ လုပ်ချင်သလို လုပ်ချသွားတာ။ သေတာက နေရာတင် ၆ ဦး သေတယ်။ ဒဏ်ရာရတဲ့ လူနာလည်း များတယ်ဗျ။ ဆီဘောင်ဆာကို ထိမှန်လို့ မီးပါလောင်တယ်။ ခရီးသွားရတာတောင် မလုံခြုံတော့ပါဘူးဗျာ။ စစ်တပ်က ပြည်သူရယ် ဘာရယ် မခွဲခြားတော့ပါဘူး” လို့ ပြောပါတယ်။
စစ်တပ်က ဂျက်ဖိုက်တာ ၄ စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံပြည်သူ့ကာကွယ်ရေး ရဲဘော်တယောက်က ပြောပါတယ်။
“ကျနော်တို့ နေရာနဲ့ကတော့ ဝေးတယ်။ ဂျက်ဖိုက်တာနဲ့ ပတ်ပစ်နေတာတော့ အတိုင်းသား မြင်နေရတယ်။ အကြိမ်ရေ ၂၀ ထက်မနည်းကို ပတ်ပစ်တာ။ မြေပြင်မှာတော့ ဘာမှမဖြစ်ဘူး။ သူတို့ အဓိက စက်သုံးဆီလမ်းကြောင်းကို လိုက်ပစ်တာလားတော့ မသိဘူး။ အဲဒီနေရာက ဆီကားသမားအများစု နားတဲ့ နေရာပဲ။”
ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ လူမှုကူညီရေးသမားတွေက ဒဏ်ရာရရှိသူတွေကို ဆေးဝါးကုသနိုင်ဖို့ ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။