Home
မြန်မာသတင်း
ကျောက်ဖြူမြို့အနှံ့ တိုက်ပွဲ ဆက်ဖြစ်နေ 
DVB
·
August 11, 2025

ရခိုင်ပြည်နယ်၊ ‌ကျောက်ဖြူမြို့အနှံ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ အာရက္ခတပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။

ကျောက်ဖြူမြို့နယ်မှာ စစ်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲတွေဖြစ်ပွားနေတာ  ၆ လဝန်းကျင်ရှိလာပြီး စစ်တပ်ကတော့ အင်အားအလွန်အမင်း အသုံးပြု‌ပြီးတော့ AA တပ်ဖွဲ့ဝင်တွေရှိတဲ့နေရာကို တိုက်ခိုက်နေတယ်လို့  AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဩဂုတ် ၁၁ ရက်  သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ကျောက်ဖြူမြို့နယ်ရှိ  ဓညဝတီရေတပ်ဌာနချုပ်ကို အာရက္ခတပ်တော် (AA) က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်မှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့အတွက် တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပါတယ်။

ကျောက်ဖြူမြို့နယ်မှာ တရုတ်အကျိုးစီးပွားဖြစ်တဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း တည်ရှိနေတဲ့ အတွက် စစ်တပ်ဘက်ကလည်း အင်အားအလွန်အကျွံသုံးကာ ပြန်လည် ထိုးစစ်ဆင်နေပြီး AA ဘက်ကလည်း တန်ပြန်တိုက်ခိုက်မှုတွေရှိနေတယ်လို့ဆိုပါတယ်။

ဦးခိုင်သုခက “ကျောက်ဖြူတိုက်ပွဲစဖြစ်တာဟာ အကြမ်းဖက်စစ်ကောင်စီက ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဆက်ဖြစ်ပါတယ်။ ဆိုတော့ ကျောက်ဖြူမှာ စစ်ကောင်စီဘက်က ထိုးစစ်ဆင်ပြီးနောက်ပိုင်း အင်အားအလွန်အမင်းအသုံးပြု‌ပြီးတော့ AA တပ်ဖွဲ့ဝင်တွေ ရှိတဲ့နေရာကို တောက်လျှောက်ထိုးစစ်ဆင်လာတော့ AA တပ်ဖွဲ့ဝင်တွေကလည်း တန်ပြန်ခုခံ ချေမှုန်းရတာ ဖြစ်ပါတယ်။ ဒါကြောင့် ‌ကျောက်ဖြူမြို့အနှံ့ အထူးသဖြင့် ရဲတပ်ရင်း ၃၂၊ ဓညဝတီ ရေတပ်စခန်းဌာနချုပ် ပတ်ဝန်းကျင်တွေမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်နေပါတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ နှစ်ဖက်ထိတွေ့မှု လျော့နည်းနေပေမဲ့ စစ်တပ် အထိုင်ချထားတဲ့ စခန်းတွေနဲ့ စစ်သင်္ဘောတွေပေါ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်နေသလို ဒရုန်းနဲ့  ပါရာမော်တာတွေကိုပါ အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်တပ်က လေကြောင်းအသာစီးယူကာ လက်နက်ကိုင်အချင်းချင်း တိုက်ခိုက်တာထက် အရပ်သားပြည်သူတွေကို ဦးတည်တိုက်ခိုက်နေတဲ့အတွက် လူ့အဖွဲ့အစည်းကို ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတယ်လို့ ဆိုပါတယ်။

ဦးခိုင်သုခက “လေကြောင်း နောက်ထပ်လက်နက်ကြီးတွေနဲ့ ပြည်သူတွေကို ဘာဖြစ်လို့ ဦးတည်တိုက်သလဲဆိုရင် သူတို့က ပြည်သူတွေကို အကြောက်တရားသွင်းဖို့အတွက် ဒီလိုလုပ်နေတာပါ။ အကြောက်တရားကို အသုံးချပြီးမှ နိုင်ငံရေးရလဒ်ကို ဖော်ဆောင်ချင်တယ်။ အကြမ်းဖက်ဝါဒ လက်ကိုင်ထားတဲ့ စစ်ကောင်စီက အကြမ်းဖက်ဝါဒအရ လုပ်ကိုင်နေတယ်လို့ မြင်ပါတယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၇ ခု ရှိတဲ့အနက် ၁၄ ခုကို အာရက္ခတပ်တော်က အပြီးသတ် သိမ်းပိုက်ထားပြီး စစ်တွေမြို့နယ်၊ ကျောက်ဖြူမြို့နယ်နှင့် မာန်အောင်မြို့တို့သာ သိမ်းပိုက်ဖို့ ကျန်ရှိနေတာ ဖြစ်ပါတယ်။

သီရိ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013