
မဲဆွယ်စည်းရုံးတဲ့ကာလကနေ မဲပေးအထိ ကာလအထိ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်မယ့် နိုင်ငံရေးပါတီဝင်တွေနဲ့ ကိုယ်စားလှယ်လောင်းတွေ လုပ်ကြံသတ်ဖြတ်ခံရနိုင်တာကြောင့် လုံခြုံရေးကို ကာကွယ်ပေးရမယ်လို့စစ်ခေါင်းဆောင်က ပြောပါတယ်။
ဩဂုတ် ၁၂ ရက်က နေပြည်တော်မှာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်က ပြုလုပ်တဲ့ ရွေးကောက်ပွဲဆိုင်ရာအစည်းအဝေးမှာ စစ်ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုခဲ့တာပါ။
“ရွေးကောက်ပွဲကို မဖြစ် ဖြစ်အောင် လုပ်ရမှာဖြစ်တဲ့အတွက် ဝင်ရောက်ယှဥ်ပြိုင်တဲ့ ကိုယ်စားလှယ်တွေ ဒလန်ဆိုပြီး လုပ်ကြံသတ်ဖြတ်တာတွေ ဖြစ်လာနိုင်တယ်။ မဲဆွယ်စည်းရုံးရေး ကာလကနေ မဲပေးအထိ နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်တွေရဲ့ လုံခြုံရေးကို နလအ ကောင်စီက ကာကွယ်ပေးရမှာဖြစ်တယ်။”
နိုင်ငံတကာအနေနဲ့လည်း မြန်မာနိုင်ငံမှာ ပြုလုပ်မယ့်ရွေးကောက်ပွဲကို ထောက်ခံအားပေး အပြုသဘောဆောင်တဲ့ နိုင်ငံတွေရှိသလို ရွေးကောက်ပွဲအပေါ် စောဒကတက်တဲ့ နိုင်ငံတွေလည်း ရှိလို့ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲတရပ်ဖြစ်စေရေး၊ မဲသမာမှု ကင်းရှင်းတဲ့ ရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်ရမှာဖြစ်တယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားသူမှန်သမျှ သေဒဏ်အထိ အမိန့်ချနိုင်တဲ့ ဥပဒေကို ဇူလိုင် ၂၉ ရက်မှာ စစ်ခေါင်းဆောင်က လက်မှတ်ရေးထိုး ထုတ်ပြန်ထားတာလည်းရှိပါတယ်။
ရွေးကောက်ပွဲ ကျင်းပဖို့ ကျင်းပဖို့ကြိုးစားနေတဲ့ စစ်ကောင်စီအနေနဲ့ ဇူလိုင် ၃၁ ရက်က ရှမ်း၊ ရခိုင်၊ ကချင်၊ ကရင်နီ၊ ကရင်၊ ရခိုင်၊ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်းက မြို့နယ် ၆၃ မြို့နယ်မှာ စစ်အုပ်ချုပ်ရေး ကြေညာထားပါတယ်။
ဒါကြောင့်လည်း သြဂုတ် ၆ ရက်နဲ့ ၇ ရက်က ရှမ်းပြည်နယ်မှာ ရွေးကောက်ပွဲ အလုံးစုံ ကျင်းပနိုင်ရေးအတွက် စစ်ကော်မရှင်အဖွဲ့က UWSA ‘၀’ တပ်ဖွဲ့နဲ့ NDAA မိုင်းလားအဖွဲ့ဆီ သွားအကူအညီတောင်းရပါတယ်။
စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်မယ့် ပါတီ ၄၉ ပါတီရှိပြီး အဲဒီအထဲက ၉ ပါတီက တနိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ပြိုင်မှာဖြစ်ကာ ကျန်တဲ့ပါတီ ၄၀ က ပြည်နယ်တိုင်းဒေသကြီးတွေမှာပဲ ဝင်ပြိုင်မှာ ဖြစ်ပါတယ်။