Home
မြန်မာသတင်း
စစ်တပ် ကျင်းပမည့် ရွေးကောက်ပွဲက ရခိုင်လူထုကို ကိုယ်စားမပြု
DVB
·
August 11, 2025

အာဏာသိမ်းစစ်တပ်ဟာ ရခိုင်ပြည်နယ်ရဲ့ မြို့နယ် ၃ မြို့နယ်ကိုပဲ ထိန်းချုပ်ထားနိုင်တဲ့အတွက် အဲဒီမြို့နယ်တွေအတွက်ပဲ တပြည်နယ်လုံး ကိုယ်စားပြုတဲ့ ရွေးကောက်ပွဲကို ကျင်းပမယ်ဆိုရင် ရခိုင်လူထုကို ကိုယ်စားမပြုဘူးလို့ ရခိုင်နိုင်ငံရေးပါတီတွေက ဝေဖန်ပါတယ်။

ရခိုင်ပြည်နယ်မှာ မြို့နယ်ပေါင်း ၁၇ မြို့နယ်ရှိပြီး ပြည်နယ်လွှတ်တော် ပေါ်ပေါက်ဖို့အတွက်ဆိုရင် တိုင်းရင်းသားရေးရာဝန်ကြီးနေရာ မပါ တမြို့နယ်ကို ကိုယ်စားလှယ် ၂ ယောက်နဲ့ စုစုပေါင်း ၃၄ ယောက်ကို ရခိုင်ပြည်နယ်လွှတ်တော်အတွက် ရခိုင်ပြည်သူတွေက ရွေးချယ်ရမှာပါ။

လက်ရှိ စစ်တပ်ဘက်က ရခိုင်ပြည်နယ်ရဲ့ မြို့နယ် ၃ မြို့နယ်ကိုပဲ ထိန်းချုပ်ထားနိုင်တဲ့အတွက် အဲဒီမြို့နယ်တွေအတွက်ပဲ တပြည်နယ်လုံး ကိုယ်စားပြုတဲ့ ရွေးကောက်ပွဲကို ကျင်းပမယ်ဆိုရင် ရခိုင်လူထုကို ကိုယ်စားမပြုသလို အဲဒီရွေးကောက်ပွဲဟာ ဂုဏ်သိက္ခာလည်း မရှိဘူးလို့ ရခိုင်နိုင်ငံရေးပါတီတွေက ဝေဖန်ပါတယ်။

အဲဒီအချက်ဟာ စစ်တပ်အတွက်  အကြီးမားဆုံး စိန်ခေါ်ချက်ဖြစ်သလို ရခိုင်တပြည်လုံးကို ကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေဟာလည်း စစ်တပ်ထိန်းချုပ်တဲ့ နယ်မြေကလွဲပြီး ကျန်မြို့နယ်တွေမှာ ပါတီရုံးခန်း ဖွင့်လှစ်ထားနိုင်ခြင်း မရှိပါဘူး။

အဲဒီအခြေအနေတွေကြောင့် ရခိုင်ပြည်နယ်ကိုယ်စားပြု ဝင်ပြိုင်ကြမယ့် ကိုယ်စားလှယ်အားလုံးဟာ အဝေးရောက်အနေနဲ့ပဲ သူတို့နယ်မြေကပေးတဲ့ မဲအရေအတွက်နဲ့ အချိုးကျရယူပြီး လွှတ်တော်နေရာကို ရယူမယ်ဆိုရင် သူတို့ဟာ ရခိုင်ပြည်သူအားလုံးကို ကိုယ်စားမပြုဘူးလို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ထောက်ပြပါတယ်။

အသစ်ဖွဲ့လိုက်တဲ့ စစ်ကော်မရှင်က စစ်တပ် ထိန်းချုပ်နိုင်ခြင်း မရှိတော့တဲ့ မြို့နယ်တွေထဲက မြို့နယ်ပေါင်း ၆၃ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာထားပြီး အဲဒီကြေညာချက်ထဲမှာ အာရက္ခတပ်တော် (AA) အဖွဲ့က ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်က မြို့နယ် ၁၄ မြို့နယ်လုံး ပါပါတယ်။

ဒါဟာ စစ်ရေးအရ ဖိအားပေး ခြိမ်းခြောက်တာလို့ ရခိုင်လူထုဘက်က မြင်ပေမဲ့ စစ်တပ်ဟာ အဲဒီမြို့နယ်တွေကို ပြန်ပြီး ထိန်းချုပ်နိုင်တဲ့ စစ်အင်အား မရှိတာကြောင့် ရွေးကောက်ပွဲ ကျင်းပနိုင်တဲ့အထိ နယ်မြေထိန်းချုပ်နိုင်ဖို့လည်း မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်က ဒီလအစပိုင်းမှာ ရွေးကောက်ပွဲကျင်းပဖို့အတွက် လိုအပ်တဲ့ ဥပဒေတွေကို ထုတ်ပြန်ခဲ့ပြီး မဲပေးရမယ့်စနစ်နဲ့ ရွေးကောက်ပွဲကျင်းပမယ့် စနစ်ကိုလည်း ကြေညာခဲ့သလို ဒီနှစ်အကုန်မှာ ရွေးကောက်ပွဲလုပ်မယ်လို့လည်း ထပ်ပြီး အတည်ပြု ပြောဆိုထားပါတယ်။

အဲဒီရွေးကောက်ပွဲကို အထမြောက်အောင် အာဏာသိမ်းစစ်တပ်ဘက်က ဖန်တီးခဲ့ရင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တချို့မှာ လွှတ်တော်ပေါ်ပေါက်ရေးအတွက် လိုအပ်တဲ့ ကိုယ်စားလှယ် အချိုးအစားကို လူထုက မဲပေးရွေးချယ်နိုင်တဲ့ အခြေအနေ မရှိပါဘူး။

စစ်တပ်ဟာ တနိုင်ငံလုံးရဲ့ မြို့ပေါင်း ၁၀၀ နီးပါးကို ဆုံးရှုံးထားပြီး တနိုင်ငံလုံးအနှံ့မှာ တိုက်ပွဲဖြစ်နေတာကြောင့် မဲပေးမယ့်လူထုက လွတ်လပ်လုံခြုံစွာ မဲပေးနိုင်တဲ့ အခြေအနေ ရှိမနေတာကြောင့် ရွေးကောက်ပွဲမကျင်းပဖို့ နိုင်ငံတကာက တောင်းဆိုနေသလို တော်လှန်ရေး အင်အားစုတွေ ဘက်ကလည်း အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲကို အသိအမှတ် မပြုဘူးလို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကမှ အာဏာသိမ်းစစ်ကောင်စီက ခန့်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်ဘက်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်တဲ့ ရခိုင်တိုင်းရင်းသားများပါတီ ဥက္ကဋ္ဌ ဦးဘရှိန်က စစ်တပ်ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာတော့ ရွေးကောက်ပွဲကျင်းပနိုင်ပြီး စစ်အုပ်ချုပ်ရေး ကြေညာလိုက်တဲ့ မြို့နယ် ၁၄ ခုမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြေ မရှိဘူးလို့ ပြောပါတယ်။

အခုကျင်းပမယ့် ရွေးကောက်ပွဲဟာ အချိုးကျကိုယ်စားပြု ရွေးချယ်မှုတွေ ပါဝင်တာကြောင့် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိတဲ့ မြို့နယ်တွေအတွက် အကျုံးဝင်မဝင် မသိရသေးသလို အားလုံးကို ကိုယ်စားပြုတဲ့ ရွေးကောက်ပွဲဖြစ်အောင် စစ်တပ်ဘက်က ဘယ်လိုဖန်တီးမလဲ ဆိုတာလည်း မသိနိုင်သေးဘူးလို့ ဆိုပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာတော့ ရခိုင်ပြည်နယ်အတွင်း စစ်ရေးအခြေအနေကြောင့် နယ်မြေအေးချမ်းမှုမရှိတဲ့ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနဲ့ မြောက်ဦး မြို့နယ် ၉ မြို့နယ်မှာ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ပါဘူး။

ရခိုင်တပြည်နယ်လုံးမှာ လွှတ်တော်မဲဆန္ဒနယ် ၆၄ ခု ရှိခဲ့တဲ့အနက် ပြည်သူ့လွှတ်တော် ၉ နေရာ၊ အမျိုးသားလွှတ်တော် ၇ နေရာနဲ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ နေရာ ၂၀၊ စုစုပေါင်း ၃၆ နေရာမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ဘဲ ကိုယ်စားလှယ်တွေ လစ်လပ်ခဲ့ပါတယ်။

လက်ရှိ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ရခိုင်ပြည်နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် တနိုင်ငံလုံးအဆင့် ဝင်ပြိုင်မယ့် ပါတီ ၉ ပါတီအပြင် ပြည်နယ်အခြေပြု ပါတီ ၅ ပါတီ ရှိပါတယ်။

စစ်တပ်ဘက်ကတော့ သူတို့ထိန်းချုပ်နိုင်တဲ့ မြို့နယ် ၃ မြို့နယ်တည်းနဲ့ ရခိုင်တပြည်နယ်လုံး ကိုယ်စားပြုမယ့် မဲဆန္ဒနယ်မြေ သတ်မှတ်မှုကိုတော့ လက်ရှိအချိန်ထိ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

အောင်သူ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024