
တနင်္သာရီတိုင်း၊ မြိတ်မြို့၊ စမ်းချောင်းရပ်ကွက်၊ ငွေပုလဲစက်မှုဇုန်ရှိ ပုစွန်လုပ်ငန်းစက်ရုံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ စက်ရုံအလုပ်သမား ၁၂ ယောက်ကို စစ်တပ်က အတင်းဝင်ရောက်ဖမ်းဆီးခဲ့ပြီးတော့ တယောက်ကို ကျပ် ၁၅ သိန်းနဲ့ ပြန်ရွေးခိုင်းတယ်လို့ မြိတ်မြို့ခံတွေဆီက သိရပါတယ်။
လုပ်ငန်းခွင်ထဲမှာ အလုပ်လုပ်ကိုင်နေတဲ့ အမျိုးသား ၁၂ ယောက်ကို သြဂုတ် ၈ ရက် ည ၁၀ နာရီလောက် ဝင်ရောက်ဖမ်းဆီးပြီး တပ်ထဲခေါ်သွားတာကြောင့် လုပ်ငန်းရှင်ကနေ တယောက်ကို ၁၅ သိန်းနဲ့ ပြန်ရွေးထုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။
မြို့ခံတယောက်က “သူတို့ကို ညဘက်မှာ လာဖမ်းဆောင်သွားပြီး တပ်ထဲကိုခေါ်ဆောင်သွားတယ်။ တပ်ထဲက ညဘက်ဗိုက်ဆာတော့ မုန့်နဲ့အအေးကျွေးတယ်။ သူတို့သူဌေးက လာထုတ်ပေးတယ်။ တဦးကို ၁၅ သိန်းပေးခိုင်းတာ၊ လျှော့တောင်းလိုက်မှ ၈၅ သိန်းနဲ့ ပြီးသွားတယ်။ နောက်တရက်မှာ လက်ဖက်ရည်တွေ၊ မုန့်တွေကျွေးပြီး ပြန်လွှတ်လိုက်တယ်။ ဒီတိုင်းလာဖမ်းသွားတာ၊ ဘာကြောင့် ဖမ်းမှန်းမသိဘူး” လို့ ပြောပါတယ်။
အဆိုပါစက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမား ၁ဝဝ ကျော်ရှိပြီးတော့ ရေထွက်ပစ္စည်း ပုစွန်နဲ့ပတ်သက်တဲ့ လုပ်ငန်းတခုဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးပြီးနောက်တရက် သြဂုတ် ၉ ရက် နေ့လယ် ၁ နာရီမှာ အလုပ်သမား ၁၂ ယောက်အား ပြန်လွှတ်ပေးခဲ့ပြီး ရိုက်နှက်စစ်ဆေးတာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။
မြိတ်မြို့မှာ လူငယ်အမျိုးသားတွေကို စစ်ကောင်စီက ပစ်မှတ်ထားဖမ်းဆီးပြီး ပိုက်ဆံနဲ့ ပြန်ရွေးခိုင်းတဲ့ဖြစ်ရပ်တွေ ခပ်စိပ်စိပ်တွေ့လာရတာကြောင့် ညဘက် အလုပ်ကနေ ပြန်လာတဲ့ အမျိုးသားလူငယ်တွေအတွက် အသွားအလာပိုပြီး စိုးရိမ်သတိထားနေရတယ်လို့ မြိတ်မြို့ခံတွေက ပြောပါတယ်။