
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်က အရပ်သား ၄ ယောက်ကို PDF တွေအတွက် ရိက္ခာစုဆောင်းပို့ပေးနေတယ်လို့ စစ်ကောင်စီတပ်နဲ့ ရဲတွေက စွပ်စွဲဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရေကြည်မြို့နယ်၊ ချင်းကွင်းအုပ်ကျေးရွာအုပ်စု၊ လူးကုန်းကျေးရွာက ကိုဖိုးချင်း၊ ကိုထိန်၊ မလွင်လွင်မော်နဲ့ မအေးအေးခိုင် တို့ ၄ ယောက်ကို စစ်ကောင်စီတပ်က သြဂုတ် ၆ ရက်မှာ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
အဖမ်းခံရသူတွေနဲ့ နီးစပ်သူတယောက်က “အားလုံး ၄ ယောက် အဖမ်းခံရတာ။ မိန်းကလေး ၂ ယောက်နဲ့ ယောက်ျားလေး ၂ ယောက်ပါ။ အဖမ်းခံရတဲ့အထဲအမှာ အရင် NLD လက်ထက်က ကျေးရွာအုပ်ချုပ်ရေးမှူး ကိုဖိုးချင်းလည်းပါတယ်” ပြောပါတယ်။
PDF တွေကို ရိက္ခာတွေစုဆောင်းပို့ဆောင်ပေးနေတာလို့ စွပ်စွဲဖမ်းဆီးတာဖြစ်ပြီး သူတို့ ၄ ယောက်ဟာ ဒီနေ့ သြဂုတ် ၁၀ ရက်အထိ မလွတ်လာသေးသလို အဆက်အသွယ်လည်းမရဘူး လို့ဆိုပါတယ်။
ဖြစ်စဉ်ကိုသိရှိတဲ့ ရပ်မိရပ်ဖတယောက်က “ရွာထဲက နေအိမ်တွေမှာ လာဖမ်းသွားတာ။ ရဲတွေရော၊ စစ်တပ်လည်းပါတယ်။ မိသားစုတွေက စိတ်ပူနေတာ။ ဒီနေ့အထိ တယောက်မှ အဆက်သွယ်မရသေးတာ။ အဖမ်းခံရသူတွေက တရွာတည်းသားတွေပါ။ အရပ်သားတွေပါ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ရဲတွေက အဖမ်းခံရတဲ့ အရပ်သားတွေရဲ့ နေအိမ်တွေထဲကို ဝင်ရောက်ပြီး စစ်ဆေးတဲ့အချိန် ဆန်၊ စက်သုံးဆီနဲ့ ဆေးလိပ်တွေတွေ့ရှိတာကြောင့် PDF တွေအတွက် ရိက္ခာစုဆောင်းပေးတာလို့ စွပ်စွဲဖမ်းခဲ့တာလို့ ဆိုပါတယ်။
အဖမ်းခံရတဲ့သူတွေနဲ့ နီးစပ်သူတွေကတော့ ဖမ်းခံရသူတွေဟာ အရပ်သားတွေဖြစ်ပြီး ဒေသ မတည်ငြိမ်လို့ မကြာခဏ ဝယ်ယူဖို့ အဆင်မပြေတာကြောင့် မိသားစုသုံးစွဲဖို့အတွက် ဝယ်ထားတဲ့ ကုန်စည်တွေဖြစ်တယ်လို့ ဆိုပါတယ်။