ရှမ်းပြည်နယ်မှာ ရွေးကောက်ပွဲ အလုံးစုံကျင်းပနိုင်ရေးအတွက် စစ်ကော်မရှင်အဖွဲ့က UWSA ‘၀’ တပ်ဖွဲ့ နဲ့ NDAA မိုင်းလားအဖွဲ့ဆီ သြဂုတ် ၆ ရက်နဲ့ ၇ ရက်က အကူအညီတောင်းခံခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် ညွှန်ကြားချက်ကြောင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး အောင်အောင် ဦးဆောင်တဲ့အဖွဲ့ဟာ အထူးဒေသ ၂ ပန်းဆန်းနဲ့ အထူးဒေသ ၄ မိုင်းလားတို့ကို သွားရောက်တွေ့ဆုံဆွေးနွေးခဲ့တာလို့ ပြောပါတယ်။
“စစ်တပ်က ရှမ်းပြည်မှာ ရွေးကောက်ပွဲလုပ်ဖို့အတွက် စိတ်ပူတာ ရှမ်းအရှေ့နဲ့ ရှမ်းမြောက်ပဲ။ အဲတော့ ‘ဝ’ နဲ့ မိုင်းလားကို အကူအညီတောင်းမှရမယ်။ စစ်တပ်ဘက်က ကျန်းမာရေး၊ ပညာရေး နဲ့ ကုန်သွယ်ရေး ဒေသဖွံ့ဖြိုးရေး ပြန်လုပ်ပေးမယ်ဆိုပြီး ကတိပေးတယ်။ ‘ဝ’ နဲ့ မိုင်းလားက ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် ကူညီပေးရမယ်။ ရှမ်းတောင်က ပအိုဝ်းအဖွဲ့လည်း ဒုဗိုလ်ချုပ်ကြီးရာပြည့်က ဒီလိုပြောပြီး စည်းရုံးခဲ့တာပဲ။”
UWSA ‘ဝ’ တပ်နဲ့ NDAA မိုင်းလားအဖွဲ့တို့ကို သွားရောက်တွေ့ဆုံရာမှာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီး အောင်အောင်က ဦးဆောင်ပြီး တြိဂံတိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်၊ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း၊ ရဲမှူးကြီး နေမိုးထွန်း၊ ဝန်ကြီး မင်းမင်းလွင်တို့ ပါဝင်ပါတယ်။
ရွေးကောက်ပွဲအတွက်သာ စစ်ကော်မရှင်က ‘ဝ’ တပ်နဲ့ မိုင်းလားတပ်တွေကို တွေ့ဆုံခဲ့ပေမဲ့ ဇူလိုင် ၃၁ ရက်က ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ နမ္မတူ၊ မဘိမ်း၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ သီန္နီ၊ ကွမ်းလုံ၊ နမ့်ဆန်၊ မန်တုံ၊ ဟိုပန်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ မိုးမိတ်၊ ကျောက်မဲ၊ သီပေါ၊ မိုင်းလားမြို့ စတဲ့ ၁၅ မြို့ကို စစ်အုပ်ချုပ်ရေး ကြေညာထားပါတယ်။
မဖြစ်မနေလုပ်မယ့် ရွေးကောက်ပွဲအတွက် ရှမ်းပြည်နယ်အတွင်းက မြို့နယ်တွေမှာ ကျင်းပနိုင်ဖို့ UWSA နဲ့ NDAA တို့ကို စစ်ကောင်စီအနေနဲ့ တွေ့ဆုံခဲ့တာဟာ အပေးအယူတခုရှိလိမ့်မယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတယောက်က DVB ကို ပြောပါတယ်။
“ရွေးကောက်ပွဲအတွက် စစ်တပ်အနေနဲ့ အပေးအယူ တခုခုတော့ ရှိမှာပဲ။ ပညာရေး၊ ကျန်းမာရေးဆိုတာ ခေါင်းစဥ်တခု၊ နှစ်ဖက်လုံးက မထုတ်ပြန်တော့ ပြောရခက်တယ်။ ရှမ်းရှေ့ နဲ့ ရှမ်းမြောက်မှာ အခုကာလ ‘ဝ’ အကူအညီမပါဘဲ ရွေးကောက်ပွဲလုပ်ဖို့ အဆင်ပြေမှာမဟုတ်ဘူး။”
ရှမ်းပြည်နယ်ကို ရှမ်းပြည်နယ်အရှေ့၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဆိုပြီး ၃ ပိုင်းခွဲခြားထားကာ ခရိုင် ၂၁ ခရိုင်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၃ ခုနဲ့ မြို့နယ်ပေါင်း ၅၅ မြို့ ရှိကာ ရမခ၊ ရလခ၊ ရပခ နဲ့ တသခ ဆိုတဲ့ တိုင်းစစ်ဌာနချုပ် ၄ ခုနဲ့ စစ်ကောင်စီက ကာကွယ်ထားပါတယ်။