ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်က မင်းပြင်ကျေးရွာနဲ့ ရသေ့တောင်မြို့နယ်က ထွန်းရဝေရွာဟောင်းကျေးရွာတို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်ဖြူမြို့နယ် မင်းပြင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းနဲ့ စာသင်ကျောင်းတို့ကို စစ်ကောင်စီက ဩဂုတ် ၈ ရက် ည ၁၁ နာရီကျော်မှာ ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်လုပ်ခဲ့တာဖြစ်ပြီး စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းက ဓမ္မာရုံတဆောင်ထိခိုက်ပျက်စီးသွားတယ်လို့ ကျောက်ဖြူဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“မင်းပြင်ရွာက အထက်တန်းကျောင်းနဲ့ ဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တယ်။ မင်းပြင်ဆိုတာက တိုက်ပွဲဖြစ်နေတဲ့ရွာလည်း မဟုတ်ဘူး။ စစ်ကောင်စီက ဒီအတိုင်း အရပ်ဘက်ပစ်မှတ်တွေကို ပစ်မှတ်ထားပြီးတိုက်ခိုက်တာ။ စာသင်ကျောင်းကို ဗုံး ၁ လုံးကြဲချသွားပြီး နောက်ထပ် ဘုန်းကြီးကျောင်းကို ဗုံး ၁ လုံးကြဲချသွားတာဖြစ်တယ်။ လူအထိအခိုက်တော့ မရှိပေမယ့် စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်း ဓမ္မာရုံတွေက လုံးဝပျက်စီးသွားတယ်” လို့ပြောပါတယ်။
စစ်ကောင်စီက ဇူလိုင်လနဲ့ ဩဂုတ်လအတွင်းမှာ ရခိုင်ပြည်နယ်က ဘာသာရေးအဆောက်အဦတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး ဘုန်းကြီးကျောင်း ၃ ဆောင်ပျက်စီးပြီး ရဟန်း ၁ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
လက်ရှိမှာ ကျောက်ဖြူမြို့နယ်အတွင်း စစ်ကောင်စီက စစ်ကြောင်းထိုးတာတွေရှိတာကြောင့် စစ်ကောင်စီနဲ့ AA တို့အကြား တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ရသေ့တောင်မြို့နယ် ထွန်းရဝေကျေးရွာဟောင်း အနီးကိုလည်း ဩဂုတ် ၉ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတကြိမ်ပြုလုပ်ခဲ့ပြီး ဗုံး ၂ လုံးကြဲချသွားတယ်လို့ ထွန်းရဝေ ကျေးရွာသားတယောက်က ပြောပါတယ်။
ဗုံးဟာ ထွန်းရဝေကျေးရွာနဲ့ အနီးက တာတမံမှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သားထိခိုက်မှုမရှိခဲ့ပေမဲ့ ကျေးရွာသားတွေ ကြောက်လန့်နေကြရတယ်လို့ ဆိုပါတယ်။
“မနက်ပိုင်း ၂ နာရီဆိုတာက လူတွေ အိပ်ကောင်းတုန်းမှာ လေကြောင်းကနေ ဗုံး ၂ လုံး ကြဲချသွားတာ။ ကျေးရွာနဲ့အနီးက ငါးမွေးမြူတာတမံမှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ရွာသားတွေ ကပ်ပြီးလွဲသွားတာ။ ရွာထဲမှာ ကျမယ်ဆို တွေးတောင်မတွေးရဲဘူး။ အရင်လည်း တကြိမ်ဗုံးကြဲခံရလို့ ကျေးရွာသား ၁၃ ဦးသေဆုံပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့တာကြောင့် ကျေးရွာသားတွေက သွေးလန့်နေကြပြီ” လို့ပြောပါတယ်။
ရသေ့တောင်မြို့နယ်ကို ထွန်းရဝေကျေးရွာကို မေလ ၁၃ ရက်နေ့က စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာသား ၁၃ ယောက် သေဆုံးပြီး ကျေးရွာသား ၂၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။
စစ်ကောင်စီက အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို စစ်အုပ်ချုပ်ရေး ကြေညာလာပြီးနောက် စစ်ရေးလှုပ်ရှားမှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုလုပ်ဆောင်လာနေတာလည်း ဖြစ်ပါတယ်။