
ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့ကို စစ်တပ်က ပြန်လည်သိမ်းပိုက်နိုင်ပြီးနောက်ပိုင်း ဒီမိုကရေစီလိုလားသူတွေရဲ့ နေအိမ်တွေကို ချိပ်ပိတ်တာအပြင် စီးပွားရေးလုပ်ငန်းရှင်တချို့ရဲ့ လုပ်ငန်းတွေကို ပိတ်သိမ်းတာ၊ ဖမ်းဆီးတာနဲ့ ငွေညှစ်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ တော်လှန်ရေးအင်အားစုတွေ တနှစ်ဝန်းကျင် သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို အာဏာသိမ်းစစ်တပ်က အခုနှစ် ဇူလိုင်လထဲမှာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်း တော်လှန်ရေးကို ထောက်ခံသူတွေ၊ NLD ပါတီကို အမာခံဝန်းရံသူတွေ၊ ဒီမိုကရေစီလိုလားသူတွေရဲ့ နေအိမ်တွေကို ချိပ်ပိတ်တာတွေ ပြုလုပ်နေတာပါ။
ဒါ့အပြင် ဘာနဲ့မှမပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းရှင်တချို့ရဲ့ လုပ်ငန်းတွေကို ပိတ်သိမ်းတာ၊ ဖမ်းဆီးတာနဲ့ ငွေညှစ်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ အုပ်ချုပ်ရေးယန္တရားတွေ ပြန်လည်ပတ်နေတဲ့ နောင်ချိုမြို့ အပါအဝင် ကျေးရွာတချို့မှာ စစ်ဘေးရှောင်ပြည်သူတွေ ပြန်ပြီး အခြေချနေထိုင်လာကြတာတွေ ရှိပါတယ်။
ဒါပေမဲ့ စစ်စခန်းတွေ အထိုင်ချထားတဲ့ ကျေးရွာတွေမှာတော့ ရွာသားတွေရဲ့ နေအိမ်က ပစ္စည်းတွေကို အဓမ္မယူနေတဲ့အပြင် သစ်သားအိမ်တွေဆို အသားတိုင်နဲ့ ပျဉ်ကာတွေ ဖြုတ်ပြီး ရောင်းစားတာတွေ ရှိနေပါတယ်။
အဲဒီရွာတွေက စစ်ဘေးရှောင်ပြည်သူတွေဟာ မိမိကျေးရွာကို ပြန်လာရင်တောင် သေနတ်ပစ်ပြီး ခြိမ်းခြောက်နှင်ထုတ်တာတွေ ရှိနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေက ပြောပါတယ်။
နောင်ချိုမြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်ပြီးနောက်ပိုင်း အင်အားတိုးချဲ့ကာ ပြင်ဦးလွင်-နောင်ချို-မိုးကုတ်လမ်းအတိုင်း TNLA နဲ့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ပတ္တမြားမြေ မိုးကုတ်မြို့ဘက်ကို ထိုးစစ်ဆင်နေတာ လမ်းပိုင်းရဲ့ သုံးပုံတပုံလောက်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။
ဒါ့အပြင် မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းပိုင်းမှာရှိတဲ့ ကျောက်မဲမြို့နယ်ဘက်ကိုလည်း လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေ ပြုလုပ်နေလို့ အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရ သေဆုံးတာတွေ ရှိနေပါတယ်။