
ရှမ်းမြောက်၊ လားရှိုးမြို့၊ ရပ်ကွက် ၉၊ နယ်မြေ ၁ က နေအိမ် ၁၃ လုံးကို တပ်ပိုင်မြေ ကျူးကျော်တယ်ဆိုပြီး အာဏာသိမ်းစစ်တပ်က ဖယ်ရှားခိုင်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီ နေအိမ် ၁၃ လုံးကို အာဏာသိမ်းစစ်တပ်ရဲ့ အမှတ် ၈ ပညာရေးကျောင်း တပ်ပိုင်မြေ ၁၄၇ ဒသမ ၁၉ ဧကအတွင်း ကျူးကျော်ဝင်ရောက်နေထိုင်တယ်လို့ စွပ်စွဲပြီး ဇူလိုင် ၂၉ ရက်မှာ လာရောက် ဖယ်ရှားခိုင်းတယ်လို့ ဆိုပါတယ်။
လားရှိုးဒေသခံတယောက်က “စစ်ကောင်စီတပ် ပညာရေး ၈ က တပ်မှူး ဦးဆောင်ပြီး အယောက် ၃၀ လောက်နဲ့ သေနတ်တွေနဲ့ အများပြည်သူနေအိမ် ၁၃ လုံးကို ဖယ်ရှားပေးဖို့ အတင်းအဓမ္မ လာရောက် ခြိမ်းခြောက်ခဲ့တယ်။ အဲဒီလုပ်ရပ်ဟာ စစ်ကောင်စီတပ်တွေ လားရှိုးဝင်လာပြီးနောက် ပြည်သူတွေ စားဝတ်နေရေး ခက်ခဲနေတဲ့ကာလ ဖြစ်တာကို မငဲ့ကွက်ဘဲ သူတို့ရဲ့ စရိုက်အတိုင်း ပြည်သူအပေါ် ရိုင်းစိုင်းစွာ ဆက်ဆံတာဖြစ်တယ်” လို့ ပြောပါတယ်။
တပ်ပိုင်မြေ ၁၄၇ ဒသမ ၁၉ ဧက မြေရှိနေရဲ့နဲ့ ပြည်သူနေအိမ် ၁၃ လုံးကို ဖယ်ရှားဖို့ ပြောဆိုတာကြောင့် ပြန်လည်စိစစ်ပေးဖို့ ဖယ်ရှားဖို့ ပြောဆိုခံရသူတွေက ဆန္ဒရှိနေပါတယ်။
ဒေသခံတယောက်ကလည်း “ဒီနေအိမ် ၁၃ လုံးနဲ့ တပ်ပိုင်မြေကို တပ်ဘက်က ဟိုအရင်ကတည်းက ယူကလစ်ပင်နဲ့ အတန်းလိုက်စိုက်ပြီးတော့ ခြားထားပြီးသား။ အခုကျတော့ တပ်ပိုင်မြေ မပြည့်ပါဘူးဆိုပြီး လူနေအိမ်ဘက်ကို သိမ်းချင်တာပေါ့” လို့ ပြောပါတယ်။
အဲဒီတပ်ပိုင်မြေရဲ့ အခြားတဖက်က တပ်ပိုင်မြေ ၄ ဧကကို ၂၀၂၃ နှစ်ကုန်ပိုင်းမှာ တပ်ကြပ်ကြီး မင်းနိုင်နဲ့ ဗိုလ်မှူးထွန်းထွန်းလင်း ဆိုသူတို့က ရောင်းစားသွားခြင်းသာရှိပြီး ဗိုလ်မှူးထွန်းထွန်းလင်းမှာ လားရှိုးတိုက်ပွဲအတွင်း ကိုးကန့်တပ်တွေက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
“အခုထိတော့ မဖယ်ပေးရသေးဘူး။ ပိုင်ရှင်တွေလည်း တင်းခံထားတယ်။ သူတို့ အဲဒီမှာနေတာက နှစ် ၂၀ ကျော်ပြီ။ တပ်ပိုင်မြေနဲ့ ကပ်နေတဲ့မြေပေါ့။ တပ်ပိုင်မြေမဟုတ်ဘူး။”
လားရှိုးမြို့ကို MNDAA သိမ်းပြီးနောက် တရုတ်ရဲ့ ဖိအားပေးမှုကြောင့် ဧပြီ ၂၁ ရက်မှာ ဆုတ်ခွာပေးလိုက်ရလို့ စစ်ကောင်စီတပ်တွေ ပြန်ဝင်လာတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်တွေ ပြန်ဝင်လာပြီးနောက် ကုန်တင်ကားတွေကို ဖမ်းဆီးပြီး ငွေတောင်းတာ၊ နေအိမ်တွေ ဖယ်ရှားပေးဖို့ ခြိမ်းခြောက်တာတွေ လုပ်လာတာဖြစ်ပါတယ်။