
ပဲခူးတိုင်း မင်းလှမြို့နယ်ထဲမှာ စစ်မှုထမ်းဖို့ စုဆောင်းထားတဲ့ အမျိုးသား ၁၉ ယောက် သြဂုတ် ၂ ရက်က မင်းလှမြို့နယ်အုပ်ချုပ်ရေးမှူးရုံးကနေ ထွက်ပြေးသွားတာကြောင့် စစ်ကောင်စီ စစ်တပ်နဲ့ ရဲတွေက လိုက်လံရှာဖွေနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ထွက်ပြေးလွတ်မြောက်သူတွေက စစ်တပ်ကနေ ပေါ်တာဆွဲဖမ်းဆီးခံရသူတွေဖြစ်ပြီး မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ထိန်းသိမ်းထားတဲ့အချိန် ထွက်ပြေးသွားတာလို့ ဆိုပါတယ်။
ထွေအုပ်ရုံးနဲ့နီးစပ်သူတဦးက “စစ်တပ်ထဲမှာ မထားဘဲ ထွေအုပ်ရုံးမှာထားပြီး အပတ်စဥ်လိုက် စစ်သင်တန်းကျောင်းတွေဆီ ပို့ပေးနေကြလေ။ အယောက် ၄၀၊ ၅၀ ပြည့်ရင် တခါပို့တာ၊ ခုတော့ ၁၉ ယောက်ပဲ ရှိသေးတယ်။ ထွက်ပြေးလွတ်မြောက်သွားတာ။ ရုံးမှာက ကင်းစောင့်တဲ့ စစ်သားလောက်ပဲ ရှိတာ။ မင်းလှမှာ တာဝန်ကျတဲ့ စစ်တပ်ကလည်း မြို့ပေါ်မှာ သိပ်နေရဲတာ မဟုတ်ဘူး၊ ရွာတွေဘက်ပဲ သွားနေတာလေ။ ပေါ်တာဆွဲမယ်၊ ထွေအုပ်ရုံးပို့မယ်၊ ပြီး လူပြည့်ရင် သင်တန်းကျောင်း ပို့မယ်ဆိုပြီး အမြဲလုပ်နေတာ။ သတင်းကတော့ ထိမ်ချန်ထားပေမဲ့ လူသိရှင်ကြား ဖြစ်သွားတာ။ သြဂုတ် ၆ ရက်နေ့ မနက်ပိုင်းအချိန်ထိတော့ ပြန်ဖမ်းဆီးခံရတဲ့ အသံမကြားရသေးဘူး” လို့ ပြောပါတယ်။
ပဲခူးတိုင်း အုတ်ဖိုမြို့နယ်နဲ့ မင်းလှမြို့နယ်ထဲမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ စစ်ဆေးရှာဖွေနေပြီး နောက်ထပ် ပေါ်တာဆွဲ ဖမ်းဆီးတာတွေကိုလည်း ဆက်တိုက် လုပ်ဆောင်လာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။