Home
မြန်မာသတင်း
စစ်တပ်က ကုန်သယ်ယူခွင့် (မျှောစာ) ထုတ်မပေးသဖြင့် ကျွန်းစုက ကျေးရွာများ ဆန်ပြတ်လပ်
DVB
·
August 7, 2025

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ထဲက ကုန်တင်စက်လှေတွေကို ကုန်သယ်ယူခွင့် (မျှောစာ) အသစ်အား စစ်ကောင်စီက မထုတ်ပေးတာကြောင့် ဆန်အိတ်တွေ တင်ဆောင်ခွင့်မရတဲ့အတွက် ကျေးရွာတွေမှာ ဆန်ဝယ်ယူရ ခက်ခဲလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ တတိယပတ်ကစလို့ မြိတ်မြို့မှာ ကုန်လာဝယ်တဲ့ စက်လှေတွေဟာ ကုန်သယ်ယူခွင့် (မျှောစာ) အသစ် မထုတ်ပေးတာကြောင့် ရိက္ခာတွေ သယ်ယူလို့မရ ဖြစ်နေပြီး ကုန်သယ်ယူဖို့ မျှောစာရဖို့ စောင့်ဆိုင်းနေတာ ၁ဝ ရက်ကျော်ကြာပြီလို့ ဆိုပါတယ်။

ကုန်တင်စက်လှေတွေကို စစ်ကောင်စီကနေ ဇူလိုင်လမကုန်ခင်တည်းက မျှောစာအသစ်ကို ထုတ်ယူခိုင်းတာကြောင့် ကျွန်းစုမြို့ပေါ်မှာ သွားရောက်ထုတ်ယူပေမဲ့ အကြောင်းအမျိုးမျိုးပြပြီး မျှောစာအသစ် မထုတ်ပေးတဲ့အတွက် ခရီးက ကြန့်ကြာနေရပြီး ကျေးရွာတွေဆီ စက်လှေတွေ မရောက်တဲ့အတွက် ဆန်တွေ ဝယ်ယူဖို့ ခက်ခဲလာတယ်လို့ မဲတောကျေးရွာအုပ်စုရှိ ဒေသခံတယောက်က ပြောပါတယ်။

မဲတောကျေးရွာအုပ်စုရှိ ဒေသခံတယောက်က “ဆန်တွေ မရတာက မဲတောနဲ့ ကော်ဇေယာအုပ်စုတို့မှာ မရကြဘူး။ ကုန်တင်လှေတွေ ပိတ်မိနေတာ ၁၀ ရက်ကျော်တောင် ဖြစ်နေပြီး ရွာမှာလည်း အဲဒီကုန်တင်လှေတွေ မဆင်းလာတော့ ဆန်တွေ ပြတ်လပ်ပြီးတော့ ငတ်ပြတ်တဲ့ အခြေအနေတောင် ဖြစ်နေကြတယ်။‌ ကော်ဇေယာအုပ်စုကလည်း မဲတောအုပ်စုမှာ ဆန်လာဝယ်နေကြတယ်။ ကိုယ့်ဘက်မှာလည်း မရှိတော့ သူတို့ဘက်ကို ပေးမနိုင်ဘူး ဖြစ်နေတယ်။ မျှောစာလုပ်ခွင့်မရတဲ့ အခြေအနေက ရွာမှာ PDF တွေ လာတဲ့အချိန်တွေ ရှိတော့ PDF တွေကို မထောက်ပံ့မိအောင် မျှောစာမလုပ်ပေးတာ ဖြစ်မယ်။ ဆန်က ကုန်စုံဆိုင်မှာတောင် ဝယ်မရတဲ့ အခြေအနေမှာ စက်လှေတွေ မဆင်းလာရင် ကုန်တွေ ပြတ်သွားမှာ ရွာသားတွေ ကြောက်နေရတယ်” လို့ ပြောပါတယ်။

မြိတ်မြို့မှာ ကုန်ပစ္စည်းတွေ လာသယ်ယူတဲ့ ကျွန်းစုမြို့နယ်က စက်လှေတွေဟာ ကုန်သွယ်ယူခွင့် (မျှောစာ) ကို လကုန်ရင်တကြိမ် ကျွန်းစုမြို့ပေါ်မှာ အသစ်ထုတ်ယူရပြီးတော့ မြိတ်မြို့ကနေ အပြန် ပထော်ကျွန်းအနီးမှာရှိတဲ့ စစ်သင်္ဘောဆီ ကုန်သယ်ယူခွင့် (မျှောစာ) ပေးရပြီးတော့ သူတို့ခွင့်ပြုမှသာ ဆန်အိတ်နဲ့ တခြားရိက္ခာတွေကို သယ်ယူပို့ဆောင်ခွင့်ပေးတယ်လို့ ပြောပါတယ်။

စစ်ကောင်စီက ကျွန်းစုမြို့နယ်ထဲက ပျူစောထီးတွေ အားကောင်းတဲ့ ကျေးရွာကိုပါ ကုန်စည်ဖြတ်တောက်နေတာဖြစ်ပြီး ကုန်ပစ္စည်းသယ်ယူခွင့် (မျှောစာ) ကို မထုတ်ပေးဘဲ ရက်အကြာကြီး ရွှေ့ဆိုင်းတာကလည်း တော်လှန်‌ရေးတပ်ဖွဲ့တွေ သွားလာလှုပ်ရှားနေတဲ့ ကျေးရွာတွေမှာ ပြည်သူနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို အထင်အမြင်လွဲမှားအောင် လုပ်ဆောင်နေတာလို့ ကျွန်းစုမြို့နယ်ပကဖအဖွဲ့ရဲ့ တာဝန်ခံ ကိုနဂါးက ပြောပါတယ်။

“ကျွန်းစုမြို့နယ်ထဲက ပျူစောထီးတွေရှိတဲ့ ကျေးရွာတွေမှာတောင် ကန့်သတ်ထားပြီး ရိက္ခာချလို့မရတဲ့ အခြေအနေမျိုးမှာ ရှိနေတယ်။ သူတို့အကြောင်းပြတာက PDF တွေ အဝင်အထွက်များလို့ ရိက္ခာတင်ခွင့်မပေးဘူးဆိုတာ ဘာမှတော့မဆိုင်ဘူး။ ပျူစောထီးတွေရှိနေတဲ့ရွာမှာတောင် ချခွင့်မပေးတာလေ။ အဓိကတော့ တမင်သက်သက် ပြည်သူနဲ့ တော်လှန်ရေးအဖွဲ့တွေကြား သွေးခွဲတာပေါ့။ ဒီရွာကို တော်လှန်ရေးအဖွဲ့တွေလာလို့ လက်ခံလို့ဆိုတဲ့ ခေါင်းစဥ်အမြဲသုံးတာလေ။ အဓိကတော့ သွေးခွဲတာပေါ့ဗျာ။”

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေ သွားလာလှုပ်ရှားမှုတွေ ပိုလုပ်လာတဲ့ မဲတောကျေးရွာနဲ့ ကော်ဇေယာ‌ကျေးရွာအုပ်စုတွေက မြစ်ချောင်းတလျှောက်နဲ့ ပင်လယ် ပြင်အနီးတဝိုက်မှာ စစ်သင်္ဘောတွေ သွားလာလှုပ်ရှားမှု ပိုတွေ့လာရတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024