Home
မြန်မာသတင်း
ရေကြည် အမြောက်တပ်အနီး တိုက်ပွဲပြင်းထန်
DVB
·
August 6, 2025

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ မြောက်စမ်းကျေးရွာရှိ အမြောက်တပ် အမတ-၃၄၄ အနီးပတ်ဝန်းကျင်မှာ အာရက္ခတပ်တော် (AA)၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်တပ်တို့ တကျော့ပြန် တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲဒီ အမြောက်တပ်ကို အာရက္ခတပ်တော် (AA) နဲ့ PDF တော်လှန်ရေးပူးပေါင်းတပ်တွေက အခုနှစ် မေလ ပထမအပတ်က စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲတွေ ခေတ္တငြိမ်သက်သွားရာက သြဂုတ် ၆ ရက် ဒီကနေ့မနက် အစောပိုင်းက စတင်ပြီး တိုက်ပွဲ တကျော့ပြန် ဖြစ်နေတာလို့ ဆိုပါတယ်။

ရေကြည်မြို့နယ်က ဒေသခံတယောက်က “အဆက်မပြတ် ပစ်ခတ်သံတွေ ကြားနေရတယ်။ တိုက်ပွဲက တော်တော်ပြင်းထန်ပုံရတယ်။ လေကြောင်းနဲ့လည်း ပစ်ခတ်တာတွေ ရှိတယ်။ အမြောက်တပ်ဘက်သွားတဲ့ လမ်းတွေအားလုံးလည်း ပိတ်ထားတယ်” လို့ ပြောပါတယ်။

အာရက္ခတပ်တော် (AA) နဲ့ မဟာမိတ်တပ်တွေက အမြောက်တပ် အမတ-၃၄၄ ကို ထိုးစစ်ဆင်လာတာဖြစ်ပြီး စစ်တပ်က စက်တပ်လေထီးတွေအပြင် လေကြောင်းနဲ့ပါ ပစ်ကူပေး ပြန်လည်ခုခံနေတယ်လို့ တပ်နဲ့ နီးစပ်သူက ဆိုပါတယ်။

စစ်ရေးသတင်းရင်းမြစ်က “အခုတခါ တိုက်ပွဲက တဖက်ဖက်က အပြီးသတ်သိမ်းသွားမယ့် အခြေအနေ ရှိတယ်။ နှစ်ဖက်တပ်တွေ အင်အားဖြည့်ထားပြီး ပြန်တိုက်တဲ့ တိုက်ပွဲလေ” လို့ ပြောပါတယ်။

အမြောက်တပ် အမတ-၃၄၄ ကို လေတပ်က လေယာဉ်နဲ့ စစ်လက်နက်တချို့ကို ပြီးခဲ့တဲ့ ဇူလိုင် ဒုတိယအပတ်က ပို့ဆောင်ခဲ့သေးတယ်လို့ စတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အမတ-၃၄၄ မှာ ပြီးခဲ့တဲ့ရက်အတွင်းက စတင်ဆောက်လက်စ အရေးပေါ်ဆင်းသက်ဖို့ ရဟတ်ယာဉ်ကွင်းနဲ့ အဆောက်အအုံတချို့ကိုလည်း စစ်တပ်ကက သြဂုတ် ၃ ရက်က အပြီးသတ် တည်ဆောက်ထားပါတယ်။

အဲဒီတိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ အာရက္ခတပ်တော် (AA) ဘက်ကရော စစ်တပ်ဘက်ကပါ စစ်ရေးသတင်းတွေ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013