
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ အနောက်မန်နားကျေးရွာမှာ အထိုင်ချထားတဲ့ အာဏာသိမ်းစစ်တပ်ဟာ ရွာသားတွေရဲ့ အိမ်တွင်းပစ္စည်းတွေကို အဓမ္မယူဆောင်နေတဲ့အပြင် သစ်သားအိမ်တွေကိုပါ ဖျက်ပြီး ရောင်းစားနေတာကြောင့် အိမ်ပိုင်ရှင်ဖြစ်သူတွေမှာ ဆုံးရှုံးနစ်နာနေကြပါတယ်။
နောင်ချိုမြို့နယ်၊ အနောက်မန်နားကျေးရွာနဲ့ အနီးဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်တပ်က အထိုင်ချထားတာ ၂ နှစ်ထဲရှိပြီ ဖြစ်ပါတယ်။
အဲဒီစစ်တပ်က ရွာသူရွာသားတွေကို ရွာမှာမနေခိုင်းဘဲ နေအိမ်တွေမှာ စခန်းချကာ ရွာသားတွေရဲ့ အိမ်တွင်းပစ္စည်းတွေကို အဓမ္မယူ ရောင်းစားနေတဲ့အပြင် သစ်သားအိမ်တိုင်၊ သစ်သားနံရံနဲ့ သွပ်မိုးတွေကိုပါ ဖြုတ်ပြီး ရောင်းစားနေတာကြောင့် အိမ်ပိုင်ရှင်ဖြစ်သူတွေမှာ များစွာ ဆုံးရှုံးနစ်နာနေကြရတယ်လို့ ကာကကံရှင်တွေက DVB ကို ပြောပါတယ်။
နောင်ချို၊ အနောက်မန်နားရွာထဲမှာ စစ်တပ်က တပ်စွဲထားတဲ့ ၂ နှစ်နီးပါးအတွင်း ရွာသူရွာသားတွေဟာ ရွာထဲမနေရဘဲ ရွာပြင်ဘက်မှာ ယာယီတဲတွေထိုးပြီး နေနေကြရတာပါ။
အဲဒီကာလတွေမှာ ရွာနဲ့ ရွာအနီးဝန်းကျင်မှာ တိုက်ပွဲကြီးငယ် တခါမှာ မဖြစ်ဘူးတာကြောင့် ရွာသားအားလုံးက မိမိနေထိုင်ရာ ရွာထဲမှာပဲ ပြန်နေချင်ကြတယ်လို့ ဆိုပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို အာဏာသိမ်း စစ်ကောင်စီတပ်က ဇူလိုင်လမှာ ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာ နောင်ချိုမြို့ကို အခြေပြုပြီး စစ်အင်အားတိုးချဲ့ကာ ပြင်ဦးလွင်-နောင်ချို-မိုးကုတ် လမ်းအတိုင်း TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ဘက်ကို ဦးတည် ထိုးစစ်ဆင်နေပြီး ကျောက်မဲမြို့နယ်ဘက်ကိုလည်း လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေ ဆက်တိုက် ပြုလုပ်နေလို့ အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရ သေဆုံးတာတွေ ရှိနေပါတယ်။