
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ လယ်တောင်ယာကျေးရွာက လူငယ်အမျိုးသား ၁၀ ယောက်ကို စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးပြီးနောက် မြိတ်မြို့ကို စစ်မှုထမ်း ပို့ဆောင်လိုက်တယ်လို့ ဒေသခံက ပြောပါတယ်။
ဖမ်းဆီးထားတဲ့ လယ်တောင်ယာကျေးရွာက လူငယ် ၁၀ ယောက်ကို အတင်းအဓမ္မ ရိုက်နှက် ခြိမ်းခြောက်ပြီးတော့ သြဂုတ် ၃ ရက် မနက်ပိုင်းမှာ မြိတ်မြို့ တိုက်/စည်း (ရွှေဒူး) တပ်ရင်းကို စစ်မှုထမ်းပို့ဆောင်ခဲ့တာလို့ ဒေသခံပြည်သူတယောက်က ပြောပါတယ်။
“မပို့ခင်မှာ သူတို့ကိုမေးတယ်တဲ့။ စစ်မှုထမ်းမလား ထောင်ကျခံမလား မေးတော့ အဲဒီမှာ သားငယ်တယောက်က ထောင်ကျခံမယ်၊ စစ်မှုမထမ်းဘူး ငြင်းတော့ အသားကုန် ရိုက်ပစ်လိုက်တာတဲ့။ ကျန်တဲ့သူတွေလည်း ဘယ်ငြင်းရဲတော့မလဲ။ အားလုံး စစ်မှုထမ်းဖို့ လက်ခံရတာ။ အရိုက်ခံရတဲ့ သားငယ်ကိုလည်း ထောင်မချဘူး။ စစ်မှုထမ်းပဲပို့လိုက်တယ်။”
စစ်မှုထမ်းပို့ဆောင်ခံရတဲ့ လူငယ်တွေထဲမှာ အသက် ၁၆ နှစ်ကနေ ၂၀ ကျော် ဝန်းကျင်ကြား အရွယ်တွေ ပါဝင်ပြီးတော့ ဇူလိုင် ၃၀ ရက် ညနေ ၅ နာရီဝန်းကျင်လောက်က လယ်တောင်ယာကျေးရွာထဲကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
အဆိုပါနေ့က စုစုပေါင်း အမျိုးသား ၁၂ ယောက်အထိ ဖမ်းဆီးခံရပြီး အသက် ၅၀ ကျော်အရွယ် အမျိုးသားတယောက်နဲ့ နောက်ထပ် အမျိုးသားတယောက်တို့ကို ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေ လယ်တောင်ယာကျေးရွာထဲမှာ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်း တပ်စွဲနေတာကြောင့် ရွာခံအမျိုးသားတွေ အကုန် ဖမ်းဆီးခံရမှာ ကြောက်ရွံ့ပြီး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။