
မန္တလေးတိုင်း၊ မြင်းခြံမြို့ အရှေ့ဘက်မှာ စစ်တပ်ရဲ့ စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်နေပြီး စစ်သား ၆၀ ထက်မနည်း ထိခိုက်သေဆုံးတာကြောင့် လေကြောင်းအသုံးပြု ဗုံးကြဲနေတယ်လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
တိုက်ပွဲဖြစ်ပွားတာ ၆ ရက်ရှိနေပြီး စစ်သား အယောက် ၆၀ ထက်မနည်း သေဆုံးခဲ့ကာ မြင်းခြံမြို့ဆေးရုံ မဆံ့လောက်အောင် စစ်တပ်ဘက်က ထိခိုက်ဒဏ်ရာတွေ ရရှိထားတယ်လို့ ဆိုပါတယ်။
မြင်းခြံ Black Tiger တော်လှန်ရေးတပ်ဖွဲ့ တာဝန်ခံ ဗိုလ်မိုက်ခဲက “တိုက်ပွဲပြင်းထန်ပြီး အထိနာနေလို့ လေကြောင်းက Y12 တွေ ဂျက်ဖိုက်တာတွေရော ဒရုန်းတွေပါ အသုံးပြုနေတဲ့အပြင် ဟောင်ဝစ်ဇာ လက်နက်ကြီးတွေနဲ့ပါ ပစ်နေတာ၊ သူတို့ဘက်က ၆၀ ကျော်ပြီ သေဆုံးတာ၊ ဒဏ်ရာရတဲ့သူတွေကတော့ မြင်းခြံဆေးရုံတောင် မဆံ့တော့ဘူး” လို့ ပြောပါတယ်။
လက်ရှိအချိန်ထိတော့ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ဘက်က အင်အား ၁,၀၀၀ ကျော်လောက်ရှိသလို အင်အားတွေလည်း ထပ်ဖြည့်နေကာ လေကြောင်းက နေ့စဥ် လေယာဥ်အသုံးပြုနေတာပဲလို့ ဆိုပါတယ်။
သြဂုတ် ၄ ရက်ကတော့ စစ်တပ်နဲ့ ပူးပေါင်း ပျူစောထီးအဖွဲ့ဝင်တွေဆီက လက်နက်ငယ်တွေ ရရှိထားသလို စစ်ကြောင်းတကြောင်းလုံး ပြန်လန်ကျသွားတယ်လို့ ဆိုပါတယ်။
အခုလက်ရှိ စစ်တပ်က ထပ်မံအင်အားဖြည့်လာတဲ့ တပ်ဖွဲ့တွေနဲ့ လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေတယ်လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။