
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာရှိတဲ့ စာသင်ကျောင်းတွေဟာ စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကို ကြောက်ရတဲ့အတွက် ကျောင်းအများစုက ပိတ်ထားရပါတယ်။
ဒီးမော့ဆိုအနောက်ဘက်ခြမ်းကို စစ်တပ်ရဲ့ ငွေတောင်အခြေစိုက် ၁၀၂ တပ်နဲ့ ၄၂၇ တပ်တွေကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကျောင်းပိတ်ထားရတာ ၂ ပတ်ကနေ ၁ လအထိ ရှိပြီဖြစ်ပါတယ်။
ကျောင်းဆရာမတယောက်က “လောလောဆယ်တော့ တချို့ကျောင်းတွေ ပိတ်ကြတာပေါ့နော်။ သင်ဖို့ဆိုတာ သိပ်မဖြစ်နိုင်ဘူး၊ စာမေးပွဲဖြေဖို့လည်း သိပ်မဖြစ်နိုင်ဘူး။ တချို့ကျောင်းကျတော့လည်း အရဲစွန့်ဖွင့်ကြတယ်။ တချို့ကတော့ လုံးဝမဖွင့်တော့ဘူးပေါ့။ မဖွင့်တဲ့ကျောင်းက ပိုများပါတယ်။ ဟိုဘက်ကနေ ထိုးစစ်ဆင်တော့ ကလေးတွေစိတ်က မလုံခြုံဘူး။ လေယာဥ်တွေဝဲနေတော့ ကျောင်းလာရင် သူတို့စိတ်တွေ မလုံခြုံဘူး ခံစားရတယ်။ ခဏခဏပဲ ထွက်ထွက်ပြေးနေရတော့ အဆင်မပြေလို့ ပိတ်ထားရတာပေါ့” လို့ ပြောပါတယ်။
၂၀၂၅ ခုနှစ် ပညာသစ်နှစ်ကို ဇွန်လထဲမှာ စတင်သင်ကြားပေးကြပေမဲ့ လေကြောင်းရန်၊ လက်နက်ကြီးရန်တွေကြောင့် ပညာကောင်းကောင်းမသင်ကြရဘဲ အခြေအနေအရ ကျောင်းပိတ်လိုက် ဖွင့်လိုက် လုပ်ပြီး စာသင်နေကြရတာ ဖြစ်ပါတယ်။
စာသင်ကျောင်းတွေမှာလည်း လေကြောင်းရန်လာရင် ကာကွယ်ဖို့ ဆက်သွယ်ရေးတူးမြောင်း တွေသာရှိပြီး ဗုံးခိုကျင်းတွေ မဆောက်လုပ်နိုင်တာကြောင့် စာသင်ရတဲ့ ကလေးတွေအတွက် စိတ်မလုံခြုံမှုတွေ ရှိနေရပါတယ်။
Jobs for Kayah တာဝန်ခံက “ဒီးမော့ဆိုအနောက်ခြမ်းမှာရှိတဲ့ စစ်ဘေးရှောင် စာသင်ကျောင်းတချို့ကတော့ ကျောင်းပိတ်ထားရတာပေါ့နော်။ နှစ်ပတ်လောက်တော့ရှိပြီဗျ။ လက်နက်ကြီးရန်တွေကြောင့် ရွှေ့ပြောင်းရတယ်။ နောက်ပြီးတော့ အဲ့အနီးနားမှာရှိတဲ့ စစ်ဘေးရှောင် စာသင်ကျောင်းတွေလည်း ကျောင်းတွေ ယာယီပိတ်ထားရတာပေါ့။ ဘာဖြစ်လို့ သူတို့ လက်နက်ကြီးတွေ ထုနေလဲဆိုတော့ ဒီးမော့ဆိုအနောက်ခြမ်းကို စစ်ကြောင်းထိုးဖို့ သူတို့ လုပ်ဆောင်နေတာပေါ့နော်။ စစ်တပ်ဘက်က ဦးဆုံး လက်နက်ကြီးတွေနဲ့ အနောက်ဘက်ခြမ်းကို တောက်လျှောက်ပစ်လာတာပေါ့” လို့ ပြောပါတယ်။
လေကြောင်းရန်ကြောင့် စာသင်ကျောင်း ၅၀ ကျော်ထက်မနည်း ပိတ်ထားရပြီး သက်ဆိုင်ရာ ကျောင်းတွေရဲ့ မြို့နယ်နဲ့ ကျောင်းကောင်စီက တာဝန်ရှိသူတွေ တိုင်ပင်ကာ လုံခြုံရေးအရ ကျောင်းပိတ်ရတာ ဖြစ်တယ်လို့ သိရပါတယ်။
စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဒေါငံခါး၊ ကုန်းသာနဲ့ ငွေတောင်ဆည်နားက ပြည်သူ ၁,ဝဝဝ နီးပါးလည်း နေရာရွှေ့ပြောင်းလာကြရပါတယ်။
စစ်တပ်က ဖယ်ခုံအရှေ့ဘက်ကမ်းကို စစ်ကြောင်းထိုးပြီးတဲ့နောက် ဒီးမော့ဆို အနောက်ခြမ်းကို စစ်ကြောင်းထိုးချင်တာကြောင့် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ နှစ်ပတ်လောက်ရှိနေပြီလို့ သိရပါတယ်။
ဒီးမော့ဆိုအနောက်ခြမ်းမှာ စစ်ဘေးရှောင်ပြည်သူ ၁၀၀,၀၀၀ ကျော် နေထိုင်နေပြီး စစ်ဘေးရှောင် ပြည်သူတွေက ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေ ဖွင့်ကြပေမဲ့ စစ်တပ်နဲ့နီးတဲ့ ကျောင်းတွေက ပိတ်ထားရပါတယ်။