
၂၀၂၅ ခုနှစ် ဧပြီကနေ ဇူလိုင်လအထိ ၄ လတာအတွင်းမှာ ဆေးရုံ ဆေးခန်းပေါင်း ၃၀ ကျော်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ပစ်မှတ်ထားဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီကနေ့ သြဂုတ် ၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
မတ် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးကြောင့် ပြည်သူတွေရဲ့ အသက်အိုးအိမ်များစွာ ထိခိုက်ဆုံးရှုံးခဲ့ရပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ဆေးရုံဆေးခန်းတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေကို အရှိန်တိုးမြှင့်စွာ လုပ်ဆောင်လာနေတာကို တွေ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အခုလို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျန်းမာရေးဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေ၊ လူနာတွေ၊ လူနာစောင့်တွေ၊ သံဃာတော်တွေ၊ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် အပြစ်မဲ့ပြည်သူများစွာ ထိခိုက်ဒဏ်ရာရတာ၊ အသက်သေဆုံးတာတွေ များစွာရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဆေးရုံဆေးခန်း အဆောက်အအုံတွေ၊ ဆေးနဲ့ ဆေးပစ္စည်းတွေ၊ ကျန်းမာရေးဝန်ထမ်း နေအိမ်တွေ၊ ဘာသာရေးအဆောက်အအုံတွေ၊ စာသင်ကျောင်းတွေနဲ့ ပြည်သူတွေရဲ့ နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ချာဂျင်ပြည်သူ့ဆေးရုံကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး ၂ ကြိမ် လာရောက်တိုက်ခိုက်ခဲ့တာကြောင့် ဆေးကုသမှုခံယူနေတဲ့ ကလေးငယ် ၁ ယောက် အပါအဝင် အပြစ်မဲ့ပြည်သူ ၅ ယောက် သေဆုံးခဲ့ရပြီး ၃ ယောက် ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
ကေခိုင်