
ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့တွေမှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေလုပ်တဲ့အတွက် ရက် ၂၀ အတွင်း အရပ်သား ၃၅ ယောက်သေဆုံးတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဩဂုတ် ၇ ရက်က ထုတ်ပြန်ပါတယ်။
ဇူလိုင် ၁၅ ရက်ကနေ ဩဂုတ် ၄ ရက်အတွင်း သီပေါ၊ မိုးကုတ်၊ ကျောက်မဲ၊ နောင်ချိုနဲ့ ကွတ်ခိုင်မြို့တွေမှာ အရပ်သား ၃၅ ယောက်သေဆုံးတာဖြစ်ပါတယ်။ ဒါ့အပြင် အရပ်သား ၅၅ ယောက်လည်း ထိခိုက်ဒဏ်ရာရပြီး အဆောက်အဦအလုံး ၆၀ ကျော် ပျက်စီးသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းယူထားတဲ့ မြို့တွေကို အာဏာသိမ်းစစ်တပ်က တိုက်ခိုက်နေတာဖြစ်ပါတယ်။
အဲဒီလို တိုက်ခိုက်ရာမှာ ရှမ်းမြောက်ကနေ ဖြတ်သွားတဲ့ တရုတ် ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေနဲ့ နီးတဲ့နေရာတွေကိုပါ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်တာတွေလုပ်နေလို့ ပိုက်လိုင်းပေါက်ကွဲမှာ ဒေသခံတွေက စိုးရိမ်နေကြတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စစ်တပ်က ကျောက်မဲမြို့က ပိုက်လိုင်းထိန်းချုပ်တဲ့ စက်ရုံတွေကိုပါ ဒရုန်းနဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်တာတွေလည်း လုပ်နေတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။