
စားဝတ်နေရေး အထွေထွေကျပ်တည်းမှုတွေနဲ့ စစ်တပ်ကပေးတဲ့ ဖိအားတွေကြောင့် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီမြို့နယ်က ဒေသခံ ၆၀ ရာခိုင်နှုန်းထက်မနည်းတဲ့အရေအတွက်ဟာ ဝမ်ပေါင် ကြေးနီစီမံကိန်းလုပ်ငန်းခွင်ထဲကို ပြန်ဝင်နေကြတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
လုပ်ငန်းခွင်ပြန်ဝင်သူတွေထဲမှာ CDM တွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေအကြောင်းသိသူတွေ ပါဝင်တဲ့အတွက် ကာကွယ်ရေးအဖွဲ့ဝင်တွေရဲ့ တည်နေရာနဲ့ လုံခြုံရေးအာမခံချက် နည်းလာတယ်လို့ ဆိုပါတယ်။
ဝမ်ပေါင်ကိုမတိုက်ခိုက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဒေသတွင်းမှာ စည်းကမ်းတင်းကျပ် ထုတ်ပြန်ထားတဲ့အခြေအနေကို စစ်တပ်က အခွင့်အရေးယူပြီး အင်အားတည်ဆောက်တာ၊ ဒေသခံပြည်သူတွေကို အချိုသပ်စည်းရုံးတာတွေ ပြုလုပ်ခဲ့ပြီး လက်ရှိအချိန်မှာ ရွေးကောက်ပွဲကျင်းပနိုင်တဲ့မြို့နယ် ဖြစ်အောင်အထိ အားထုတ်မှုတွေ ရှိနေတာပါ။
ဆားလင်းကြီး PDF ရဲဘော်တယောက်က “ဝမ်ပေါင်ကုမ္ပဏီထဲကို အလုပ်သမားတွေ ပြန်ပြီး အလုပ်လုပ်နေကြပြီ။ ဆားလင်းကြီးနယ် အပါအဝင် တခြားတိုက်နယ်တွေကအစ ဝမ်ပေါင်ထဲမှာ လုပ်ငန်းလုပ်ဖို့အတွက် ရောက်ရှိနေကြပြီ။ ဆားလင်းကြီးအနေနဲ့ကတော့ တယောက် အလုပ်ဝင်ရင် ရှိတဲ့မိသားစုက အနောက်ကနေ မဲပေးရမယ့် ပုံစံမျိုးနဲ့ စစ်ကောင်စီက ထိန်းချုပ်ထားတာရှိတယ်။ ဝမ်ပေါင်ထဲကိုတော့ ရောက်သွားတဲ့သူကတော့ အားလုံး ဒီဆားလင်းကြီးနယ်ကတော့ ၁၀၀ ကို ၆၀ ရာခိုင်နှုန်းလောက် ရောက်သွားပြီ။ ဆာလင်းကြီးနယ်က မဲပေးဖို့အတွက်လည်း ဝမ်ပေါင်ထဲ ရှိတဲ့သူတွေကိုလည်း စည်းရုံးပြီးသွားပြီ၊။ စစ်ကောင်စီရဲ့ နယ်မြေလို့ ကြေညာထားတာဖြစ်တဲ့အတွက် ဆားလင်းကြီးနယ်ကတော့ အခွင့်အရေးသမား များစွာနေကြမယ့် နယ်မြေဖြစ်သွားပြီပေါ့ဗျာ။ မကွေးတိုင်းတို့၊ တောင်ကြီးတို့ ပဲခူးတို့မှာရှိတဲ့ ကပစတွေကို မတိုက်ရဘူး မဖြိုခွင်းရဘူး။ အမှန်အတိုင်းဆို ဝမ်ပေါင်ကို ဖြိုခွင်းရမှာ။ အများအားဖြင့် သေနတ်ကျည်ထုတ်တာ ဝမ်ပေါင်က ထုတ်တာကိုး။ ကြေးက ထုတ်တာကိုး။ ဒီက ထုတ်တဲ့ကြေးမှန်သမျှက လက်နက်စက်ရုံကို ပို့တဲ့ကြေးတွေ ဖြစ်တဲ့အတွက်က ပြည်သူတွေကို သတ်ဖို့ ထုတ်တဲ့ကြေးဖြစ်တဲ့အတွက်က ပြည်သူတွေ ဂရုစိုက်ရမယ်။ ခံစားမိတာက ရှေ့အဆက်ဆက်ကနေ တူမီးကနေ တတောင့်ထိုး၊ တထောင့်ထိုးကနေ တိုက်လာတဲ့အချိန်အထိ ပေးဆပ်သွားတဲ့ ရဲဘော်တွေကို နှမြောမိတာပေါ့” လို့ ပြောပါတယ်။
ဆားလင်းကြီးနယ် အပါအဝင်ဖြစ်တဲ့ ယင်းမာပင်ခရိုင်ထဲက PDF တပ်ရင်းတချို့ ဇူလိုင်လထဲမှာ ပူးပေါင်းမှုတွေ ရှိခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်မှာရှိတဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်း-၃၁ နဲ့ တပ်ရင်း-၂၈ တို့ ဇူလိုင် ၂၅ ရက်မှာ တပ်ရင်းတခုတည်းအဖြစ် ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။
ယင်းမာပင်ခရိုင် တပ်ရင်း-၂၈ ဟာ ဝမ်ပေါင်စီမံကိန်းတည်ရှိရာ ဆားလင်းကြီးနယ် အခြေစိုက်တပ်ဖွဲ့ဖြစ်ပြီး အင်အားကောင်းလာတဲ့ စစ်တပ်တွေကို တွန်းကန်နိုင်ဖို့နဲ့ အဖွဲ့တွေအချင်းချင်း ညီညွတ်ရေးအားကောင်းလာဖို့ ပြင်ဆင်လာကြတာပါ။
စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်မှ ဦးစိုးဝင်းဆွေက “စစ်ကိုင်းတိုင်း အပါအဝင်ပေါ့နော် မြို့နယ်ပေါင်း ၆၃ မြို့နယ်မှာ အရေးပေါ်အခြေအနေ စစ်အုပ်ချုပ်ရေး ကြေညာလိုက်တဲ့ မြို့နယ်တွေ ထွက်ပေါ်လာတာရှိတယ်။ အဲဒီအထဲမှာဆိုရင် စစ်ကိုင်းတိုင်းက ၉ မြို့နယ်၊ မကွေးတိုင်းက ၅ မြို့နယ် ပါတယ်ပေါ့။ စစ်ကိုင်းတိုင်းက စုစုပေါင်း ၃၇ မြို့နယ်ရှိတဲ့အထဲမှာ ၉ မြို့နယ်ကတော့ ဒီအရေးပေါ် အခြေအနေ စစ်အုပ်ချုပ်ရေးထဲမှာ ပြန်ပါလာတဲ့ပုံစံကို တွေ့ရပါတယ်။ ဆားလင်းကြီးမှာ ဆိုရင် ဝမ်ပေါင်ကြေးနီမိုင်းမှာ ရွေးကောက်ပွဲလုပ်လို့ ရနိုင်တယ်လို့ သူတို့ ရည်မှန်းထားတာမျိုး ဖြစ်နိုင်တယ်ပေါ့”လို့ ပြောပါတယ်။
၂၀၂၃ နှစ်ဆန်းပိုင်းကစပြီး ဒေသခံကျွမ်းကျင်လုပ်သားတွေကို လုပ်အားခ ၂ ဆ ၃ ဆတိုးပေးပြီး လုပ်ငန်းခွင်ပြန်ဝင်ဖို့ ဝမ်ပေါင်စီမံကိန်းဘက်က စည်းရုံးတာတွေရှိခဲ့တာပါ။
၁၀၂၇ စစ်ဆင်ရေးနှောင်းပိုင်းကစပြီး ဝမ်ပေါင်စီမံကိန်းမှာ တရုတ်ပုဂ္ဂလိက လုံခြုံရေးအဖွဲ့တချို့ ရောက်ရှိနေပြီး စီမံကိန်းနယ်မြေထဲမှာ လုံခြုံရေးယူထားတယ်လို့ ဒေသခံတွေက အတည်ပြု ပါတယ်။
မြန်မာနိုင်ငံအတွင်းက စီမံကိန်းတွေနဲ့ပတ်သက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ မူဝါဒကတော့ တရားဝင်အစိုးရတွေ လက်ထက်မှာ အတည်ပြုထားတဲ့ လုပ်ငန်းတွေအားလုံးကို အသိအမှတ်ပြု ကာကွယ်ပေးမှာဖြစ်ပြီး စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်တာမျိုးမလုပ်ဖို့ကိုတော့ နိုင်ငံတကာကို တောင်းဆိုထားပါတယ်။
သုတချမ်းသာ