
မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း ကျောက်နဂါးကျေးရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က သြဂုတ် ၉ ရက် ညနေ ၆ နာရီခွဲ ဝန်းကျင်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် ကိုရင် ၁ ပါးအပါဝင် ပြည်သူ ၅ ယောက် သေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မိုးကုတ်မြို့အရှေ့ပိုင်းဒေသခံတယောက်က “ဂျက်ဖိုက်တာနဲ့ ဝဲပြီးမှကြဲသွားတာ။ အသံတော်တော်ကျယ်တယ်။ ပေါင် ၅၀၀ ထင်တယ်။ မြို့ထဲနဲ့တော့ လှမ်းတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ် ကြဲချတဲ့ဗုံးဟာ ကျောက်နဂါးကျေးရွာဘုန်းကြီးကျောင်းဝင်းထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး အနီးအနားနေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဗုံးကြဲခံရလို့ ကိုရင် ဝိလာသ၊ ဦးထွန်းတင်၊ ဒေါ်ဖြူစင်ဦးနဲ့ အသက် ၈ နှစ်အရွယ် မောင်အောင်သူချစ်၊ အသက် ၁၁ နှစ်အရွယ် နှင်းဝတ်ရည်ဦးတို့ သေဆုံးခဲ့ပြီး နောက်ထပ် ပြည်သူ ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ မိုးကုတ်မြို့ကို ဇူလိုင်လထဲမှာ လေကြောင်းနေ ၅ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး သြဂုတ် ၂ ရက်နေ့ကလည်း လူစည်ကားရာနေရာကို ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၁၂ ယောက် သေဆုံး ခဲ့ပါတယ်။