
ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်ထဲကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ် ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံနဲ့ နေအိမ်တချို့ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သြဂုတ် ၈ ရက်နေ့ မနက် ၉ နာရီကျော်အချိန်မှာ တိုက်ပွဲမရှိဘဲ ဖားဆောင်းမြို့နဲ့ ခဲမဖြူရွာဝန်းကျင်က နေရာအများအပြားကို Y12 လေယာဉ်နဲ့ လေကြောင်းကနေ ဗုံး ၅၀ လုံးထက်မနည်းကို နေရာအနှံ့ ကြဲသွားတယ်လို့ဆိုပါတယ်။
ဒေသခံတယောက်က “ကလေးတွေ စာမေးပွဲဖြေတဲ့အချိန်၊ လောလောဆယ်ထိတော့ ကလေး ၃ ဦး ထိခိုက်ပြီး ကလေးတချို့ပျောက်နေသေးတယ်” လို့ ပြောပါတယ်။
ထိခိုက်မိသူတွေဟာ အသက် ၁၃ နှစ်အရွယ် ယောကျာ်းလေး ၂ ယောက်နဲ့ မိန်းကလေး ၁ ယောက်ဖြစ်ပြီး ဒေသခံနဲ့ စစ်ဘေးရှောင်တွေ နေထိုင်ကြတဲ့နေရာဖြစ်တယ်လို့ ဆိုပါတယ်။
ဖားဆောင်းမြို့နယ်ထဲက မော်ချီးဒေသကိုလည်း လေကြောင်းကနေ မကြာခဏ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူတွေ စီးပွားရေးလုပ်ကိုင်စားသောက်လို့မရတော့ဘဲ အခက်အခဲတွေ့နေကြရပြီး တချို့စစ်ရှောင်တွေကတော့ နေရပ်ပြန်ကြတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က ကရင်နီပြည်နယ်က ဒီးမော့ဆိုနဲ့ ဖားဆောင်းကို တိုက်ပွဲမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ပြီး လက်နက်ကြီးနဲ့လည်း ပစ်ခတ်တာကြောင့် ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေရတယ်လို့ သိရပါတယ်။
သြဂုတ် ၇ ရက်နေ့ ညနေ ၆ နာရီလောက်ကလည်း ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲပြီး လက်နက်ကြီးနဲ့လည်းပစ်ခတ်တာကြောင့် လက်နက်ကြီးနဲ့ပစ်ခတ်ပြီး လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁ ယောက် ဒဏ်ရာရပြီး နေအိမ်တချို့ ပျက်စီးခဲ့ပါသေးတယ်။