Home
မြန်မာသတင်း
ဝေါလေဗျူဟာ တိုက်ခိုက်ခံနေရသဖြင့် လေတပ်က ဗုံးကြဲပစ်ကူပေး
DVB
·
August 8, 2025

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် စစ်တပ်ရဲ့ ဝေါလေဗျူဟာကို ကရင်အမျိုးသားအစည်းအရုံး (KNU) ဦးဆောင်ပြီး တော်လှန်ရေးတပ်ပေါင်းစုတွေက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်နေတာကြောင့် လေတပ်က လေယာဉ်နဲ့ပစ်ကူပေး ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဩဂုတ် ၈ ရက် မနက်ပိုင်းက မြေပြင် ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

ဇူလိုင် ၁၂ ရက် မွန်းလွဲပိုင်းလောက်က စစ်တပ်ရဲ့ ဥကရစ်ထစခန်းကို KNU ဦးဆောင်ပြီး တော်လှန်ရေးတပ်ပေါင်းစုတွေက အပြီးသတ် သိမ်းပိုက်ခဲ့ပြီးနောက် ဆက်လက်ပြီး ဝေါလေဗျူဟာကို ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်နေတာပါ။

မြေပြင်ရှေ့တန်းသတင်းရင်းမြစ်က “စခန်းက ဝိုင်းပတ်ပြီး တိုက်နေတာ။ တိုက်ပွဲက ပုံမှန်ပဲ။ လေကြောင်းကတော့ နေ့တိုင်း တောက်လျှောက် ဗုံးလာချနေတယ်”လို့ ပြောပါတယ်။

လက်ရှိမှာလည်း စစ်တပ်က ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခံနေရတာကြောင့် ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေကို လေကြောင်းကနေ ထောက်ပို့နေရတယ်လို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲကြောင့် ဝေါ်လေကျေးရွာနဲ့ ဥကရစ်ထကျေးရွာက ဒေသခံပြည်သူ ၃,၀၀၀ ကျော်ဟာ သောင်းရင်းမြစ်တဘက်ကမ်း ထိုင်းနိုင်ငံတွင်းနဲ့ နီးစပ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

မိုးကာလ စစ်ရှောင်နေရတာကြောင့် ကလေးတွေ၊ အမျိုးသမီးတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေဟာ အခက်အခဲတွေနဲ့ ပိုမို ကြုံတွေ့နေရတယ်လို့ ကရင်အမျိုးသမီးအစည်းအရုံး(KWO) အတွင်းရေးမှူး ၂ နော်အဲ့တဖွီဖောက ပြောပါတယ်။

“အခုအခြေအနေကတော့ မိုးလည်းတအားရွာတယ်။ မိုးတအားကြီးတယ်ဆိုတော့ အခုသူတို့ အခက်အခဲကြုံနေရတယ်။ သူတို့နေရာမှာဝင်ပြိးတော့ ခံစားကြည့်မယ်ဆိုရင်တော့ အဓိက ကတော့ ကလေးနဲ့ အမျိုးသမီးတွေ ကိုယ်ဝန်သည်မိခင်တွေ ပိုပြီးတော့ ကြုံတွေ့နေရမှာ။”

ဇူလိုင် ၃ ရက်နဲ့ ၄ ရက်နေ့တွေက  စစ်တပ်က  ဝေါလေမြိုင်ကျေးရွာအတွင်းကို လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာပြင်းထန် တဲ့ ‌ဒေသခံ တယောက် သေဆုံးခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013