
တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဗိုလ်ခရင်းတပ်ဖွဲ့က သွားရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သြဂုတ် ၇ ရက်နေ့ မွန်းလွဲ ၁နာရီ ၅ မိနစ်က စစ်ကောင်စီတပ်သားတွေကို သွားရောက်ပစ်ခတ်ခဲ့ပြီး ၁၅ မိနစ်လောက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဗိုလ်ခရင်းတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးတာကို မျက်မြင်တွေ့ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်က ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီဘက်က ၄၀ မမနဲ့ ပြန်လည်ပစ်ခတ်တာကြောင့် ရမ်းဖိုရွာက ကလေး ၂ ယောက်နဲ့ အမျိုးသမီး ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မြိတ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၅ ရက်နေ့ကလည်း ရမ်းဖိုရွာမှာ ဂိတ်ထွက်စစ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုကိုတော့ မသိရသေးဘူးလို့ ဗိုလ်ခရင်းတပ်ဖွဲ့ဝင် ရဲဘော်တယောက်က ပြောပါတယ်။
တနင်္သာရီမြို့နယ်၊ သိန်ခွန်းတိုက်ပွဲမှာ စစ်ကူပေးနေတဲ့ စစ်ကောင်စီတပ်ကကားတွေနဲ့ အဲဒီကားတွေကို လုံခြုံရေးယူပေးနေတဲ့ ရမ်းဖိုရွာအနီးက မြေပြင်စစ်ကြောင်းတွေကို ဒေသတွင်း တော်လှန်ရေး တပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်တာတွေ၊ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။