Home
မြန်မာသတင်း
ဗန်းမော် လေယာဉ်ကွင်းကို စစ်တပ်က မထိန်းချုပ်နိုင်သေးဟု KIA ပြော
DVB
·
August 12, 2025

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို အာဏာသိမ်းစစ်တပ်ရဲ့ ရေယာဉ်တွေ ရောက်ပြီးနောက်ပိုင်း တိုက်ပွဲပြင်းထန်နေပေမဲ့ လေယာဉ်ကွင်းကို စစ်တပ်က ပြန်မထိန်းချုပ်နိုင်သေးဘူးလို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က  ပြောပါတယ်။

ဗန်းမော်အခြေစိုက် အမြောက်တပ်ဖြစ်တဲ့ အမတ ၃၆၆ နဲ့ လေယာဉ်ကွင်းကို ပြန်ထိန်းချုပ်နိုင်ကြောင်း စစ်တပ်ဝါဒဖြန့်သူတချို့က ဓာတ်ပုံတွေ ဖြန့်ဝေနေတဲ့အပေါ်  DVB ရဲ့ မေးမြန်းမှုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြောခွင့်ရသူ  ဗိုလ်မှူးကြီးနော်ဘူက ဩဂုတ် ၁၂  မှာ ဖြေဆိုခဲ့တာပါ။

“လေယာဉ်ကွင်းကတော့ တခုလုံးတော့ မဟုတ်ဘူးလို့ ပြောတယ်။ တောင်ပိုင်းလား မသိဘူး၊ မြောက်ဘက်လား မသိဘူး။ တနေရာမှာတော့ သူတို့ ရောက်တယ်လို့ ပြောတယ်။ ဓာတ်ပုံရိုက်လို့တော့ ရတယ်လို့ ပြောတာပေါ့။ ကျနော်တို့လည်း ဓာတ်ပုံရိုက်လို့တော့ ရတယ်။ အားလုံးထိန်းချုပ်နိုင်တဲ့ အနေအထားမျိုးတော့ မဟုတ်ဘူးလို့ ပြောချင်တာပါ။”

ဒါပေမဲ့ အမတ ၃၆၆ ကနေ ဆုတ်ခွာပေးထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အဲဒီအမြောက်တပ်မှာ ပြန်ပြီး နေရာယူနေ၊ မနေကိုတော့ မသိရကြောင်း ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာမှာ စတင်ခဲ့တဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ KIA နဲ့ ပူးပေါင်းအဖွဲ့တွေအနေနဲ့ အခု လက်လွှတ်ခဲ့ရတဲ့ အမတ ၃၆၆ အပါအဝင် အမှတ် ၇၀၀၆ သံချပ်ကားတပ်ရင်း၊ တင့်ကားတပ်ရင်း၊ ဗန်းမော်လေဆိပ်တို့ကို ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဗန်းမော်မှာ စစ်တပ်ရဲ့ အဓိကခံစစ်လို့ ဆိုကြတဲ့ စစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ် စကခ ၂၁ ကို မသိမ်းပိုက်နိုင်သေးဘဲ ခလရ ၄၇၊ စစ်အင်ဂျင်နီယာတပ်၊ ထောက်ပို့၊ ဆေးတပ်တို့ အပါအဝင် တပ်မ ၈၈ တပ်တွေ ထိုင်ထားတဲ့ ဗန်းမော်တက္ကသိုလ်နေရာတွေ ကျန်နေပါသေးတယ်။

အစင်း ၂၀ ကျော်ပါတဲ့ စစ်သင်္ဘောတွေဟာ ဇူလိုင် ၁၇ ရက်နဲ့ ၂၂ ရက်နေ့တွေမှာ ဧရာဝတီမြစ်အတိုင်း ဆန်တက်လာပြီး ဩဂုတ် ၁ ရက်မှာ ဗန်းမော်ကို ၁၀ စင်းဝန်းကျင် ရောက်ရှိခဲ့တာပါ။

အဲဒီနောက်ပိုင်း စစ်တပ်က လေကြောင်းပစ်ကူ၊ ဒရုန်း၊ လက်နက်ကြီးပစ်ကူတွေအပြင် မြေပြင်ထိုးစစ်တွေပါ ပြုလုပ်လာပြီး တိုက်ပွဲပြင်းထန်နေတာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော် ဗန်းမော်ဟာ တရုတ်နိုင်ငံ၊ ယူနယ်ပြည်နယ်နဲ့ နီးနီးကပ်ကပ် တည်ရှိသလို ဧရာဝတီမြစ်ကြောင်းပေါ် တည်ရှိတာဖြစ်လို့ မြန်မာပြည်အောက်ပိုင်းနဲ့ ဆက်သွယ်နိုင်ပြီး စစ်ရေး၊ စီးပွားရေးနဲ့ ကုန်သွယ်ရေးအရ မဟာဗျူဟာကျတဲ့ နေရာတခု ဖြစ်ပါတယ်။

စိုးသူအောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013