
ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ ခေမာသီလမ်းမ၊ နွယ်သာကီကားမှတ်တိုင်၊ မြို့နယ်တရားရုံးအနီးမှာ ဩဂုတ် ၁၄ ရက်၊ ည ၇ နာရီခွဲလောက်က ပေါက်ကွဲသံ ၂ ချက် ကြားရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပေါက်ကွဲသံတွေကြောင့် ခေမာသီလမ်းမပေါ်ရှိ မရမ်းကုန်းခရိုင်ရဲတပ်ဖွဲ့ရုံးနဲ့ မြောက်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့ရုံး စတဲ့ စခန်း ၂ ခုစလုံးမှာ မီးအမှောင်ချထားခဲ့တာ တွေ့ရပြီး စစ်ကားတွေရောက်လာမှ လမ်းပိတ်ဆို့တာနဲ့ စစ်ဆေးတာတွေ လုပ်နိုင်ခဲ့တာလို့ သိရပါတယ်။
မြို့ခံတယောက်က “ည ၇ နာရီ ၂၂ မိနစ်မှာ တကြိမ်၊ နောက်တကြိမ်လည်း ရှေ့ဆင့်နောက်ဆင့်ပဲ။ ဘယ်သူတွေ ဘာဖြစ်လဲတော့ မသိဘူး။ ဧည့်စာရင်းကတော့ ညက တော်တော်စစ်သွားတယ်။ ခေမာသီက ပုံမှန်ဆို ညနေ ၆ နာရီဆိုတာနဲ့ ပိတ်ထားတာ။ ဒီရက်ပိုင်းမှာ ည ၉ နာရီမှ ပိတ်တယ်။ ညက အဲ့လိုအသံကြားရတော့ ပြန်ပိတ်မယ်ထင်တယ်။ ပြောကြတာက တရားရုံးနဲ့ ရဲစခန်းထောင့်နားက။ အဲ့နားလေးပဲ ရဲတွေစုနေတာ” လို့ ပြောပါတယ်။
ဒီဖြစ်စဉ်အတွင်းမှာ ဆ ရပ်ကွက်၊ သုနန္ဒာလမ်းမနဲ့ က ရပ်ကွက် နွယ်သာကီလမ်းထဲမှာ စစ်တပ်က လာရောက်စစ်ဆေးခဲ့သလို စစ်ကား ၃ စီးနဲ့ အသင့်အနေအထား ရှိနေခဲ့တယ်လို့ ရန်ကုန်ကင်းထောက်ကွန်ရက် (RSN) က အတည်ပြုထားပါတယ်။
အသံဗုံး ၂ လုံးသာဖြစ်ပြီး ထိခိုက်ပျက်စီးမှု မရှိဘူးလို့ စစ်အုပ်စု တယ်လီဂရမ်ချန်နယ်တွေက ဖော်ပြရေးသားကြပေမဲ့ သုံးထပ်တရားရုံးအသစ် ဘေးလမ်းဖြစ်တဲ့ သုခမိန်လမ်းကို ဩဂုတ် ၁၅ ရက် မနက်ပိုင်းအထိ ပိတ်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါညမှာပဲ ထိစပ်ရပ်ကွက် ၃ ခုဖြစ်တဲ့ က၊ ဆ၊ ခ ရပ်ကွက်တွေမှာ ဧည့်စာရင်း အစစ်အဆေးခံရမှုတွေ ရှိခဲ့ပြီး ပေါက်ကွဲမှုကို ဘယ်အဖွဲ့က ပြုလုပ်တယ်ဆိုတဲ့ ထုတ်ပြန်ချက်မျိုး မတွေ့ရသေးပါဘူး။