
ဘရာဇီးနိုင်ငံတောင်ပိုင်းဒေသ ပါရားနားပြည်နယ်ရှိ ကွာထရိုဘာရာ့စ်မြို့မှာ ဩဂုတ် ၁၂ ရက် အစောပိုင်းက ဖောက်ခွဲရေးပစ္စည်းတွေ အထူးပြုထုတ်လုပ်တဲ့ အီနာအက်ခ်စ် ဘရာဇီးကုမ္ပဏီမှာ ပေါက်ကွဲမှုဖြစ်ပြီး လူ ၉ ယောက် သေဆုံးကာ ၇ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
သေဆုံးသူတွေထဲမှာ အမျိုးသား ၆ ယောက်နဲ့ အမျိုးသမီး ၃ ယောက် ပါဝင်ကြောင်း ကုမ္ပဏီထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မီးသတ်တပ်ဖွဲ့က မျှဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ အဲဒီဧရိယာအတွင်း ကျန်ရှိနေတဲ့ အပျက်အစီးတွေနဲ့ ပြာတွေကို မြင်တွေ့ရပြီး ရှာဖွေရေး ဧရိယာကို ထပ်တိုးချဲ့ထားကြောင်း ပါရားနား စစ်ဘက်ဆိုင်ရာ မီးသတ်ဌာနမှူး လူဝီဇီယားနား ဂီမာရေးစ် ကားဗာလ်ကာက ပြောပါတယ်။
“မနေ့က နယ်မြေတခုကို ရှာဖွေခဲ့ရာမှာ သဲလွန်စတွေ အများကြီးတွေ့ခဲ့ပြီး အခုလည်း သစ်တောထဲကို ရှာဖွေမှုတွေ တိုးချဲ့လုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် ပေါက်ကွဲမှုရဲ့ အဓိကနေရာကိုလည်း ရှာဖွေနေပါတယ်။”
ပေါက်ကွဲတဲ့နေရာနားက မြေကြီးကို ယူပြီးတော့ ဆန်ခါတွေနဲ့ စစ်ချလိုက်တဲ့အခါ ဒီပေါက်ကွဲမှုကို ရှင်းပြပေးနိုင်တဲ့ သေဆုံးသူတွေရဲ့ အမှတ်အသားတွေနဲ့ ပစ္စည်းတွေကို ရှာတွေ့ကြောင်းနဲ့ အဲဒါတွေဟာ မှုခင်းဆေးတပ်ဖွဲ့ကို အကူအညီ ရစေပါတယ်လို့လည်း ဆိုပါတယ်။
ပြည်သူ့လုံခြုံရေး အတွင်းရေးမှူးရဲ့ ထုတ်ပြန်ချက်အရ ပေါက်ကွဲမှုဒဏ်ကြောင့် နေအိမ်တွေ ပျက်စီးသွားခဲ့ရတဲ့ ဒေသခံတွေကို ကူညီပေးဖို့ ကွာထရိုဘာရာ့စ်မြို့ရှိ မြူနီစီပယ် မြို့ပြကာကွယ်ရေးနဲ့ ကာကွယ်ရေးညှိနှိုင်းရေးအဖွဲ့တွေကို တာဝန်ချထားပါတယ်။
အာဏာပိုင်တွေက ဧရိယာကို ပိတ်ဆို့ထားလိုက်ပြီး ပေါက်ကွဲမှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပါတယ်။
Source: Reuters