Home
နိုင်ငံတကာ
အမေရိကန် သံမဏိစက်ရုံ ပေါက်ကွဲမှုဖြစ်ပြီး လူ ၂ ဦးသေဆုံး၊ အများအပြားဒဏ်ရာရ
DVB
·
August 12, 2025
Photo; ABC AFFILIATE WTAE / SOCIAL MEDIA WEBSITE

အမေရိကန်ပြည်ထောင်စု၊ ပန်ဆယ်လ်ဗေးနီးယားပြည်နယ်၊ ပစ်ထ်စ်ဘာ့ဖ်မြို့အနီးရှိ အမေရိကန် သံမဏိစက်ရုံမှာ သြဂုတ် ၁၁ ရက်က ပေါက်ကွဲမှုကြောင့် လူ ၂ ယောက် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပြီး မီးသတ်သမားတွေဟာ မီးတောက်တွေကို ငြှိမ်းသတ်နိုင်ခဲ့ကြောင်း CBS သတင်းဌာနနဲ့ တခြား ပြည်တွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားရာနေရာရှိ မီးလောင်နေတဲ့ အပျက်အစီးတွေပေါ်ကို မီးသတ်သမားတွေက ရေဖျန်းနေပြီး စက်ရုံမှ မီးခိုးလုံးတွေ ထူထူထပ်ထပ် တက်လာတာကိုလည်း ဝေဟင်ရိုက်ကူးမှုကနေ မြင်တွေ့ရပါတယ်။

ကျောက်မီးသွေးကနေ လောင်စာခဲထုတ်လုပ်တဲ့ ကလဲရ်တွန်-ကုတ်ခ်-ဝါ့ခ်စ် စက်ရုံမှာ ပေါက်ကွဲမှု ဖြစ်ခဲ့ရာမှာ လူပေါင်း ဒါဇင်ချီ ထိခိုက်ခဲ့ရပြီးတော့ ထိခိုက်ဒဏ်ရာရမှု အတိုင်းအတာကို မသိရသေးကြောင်း အဲဒီစက်ရုံကို ပိုင်ဆိုင်တဲ့ အမေရိကန်စတီးလ် သံမဏိကုမ္ပဏီမှ ပြောကြားကြောင်း ပစ်ထ်စ်ဘာ့ဖ်ရှိ ABC သတင်းဌာနရဲ့ တွဲဖက်သတင်းဌာန WTAE က သတင်းပေးပို့ထားပြီး သတင်းရင်းမြစ်တွေကို ကိုးကားဖော်ပြခြင်း မရှိပါဘူး။

အမေရိကန်စတီးလ် ကုမ္ပဏီဟာ ဂျပန်ပိုင် နိပွန်စတီးလ် သံမဏိကုမ္ပဏီရဲ့ လက်အောက်ခံလည်း ဖြစ်ပါတယ်။

ပန်ဆယ်လ်ဗေးနီးယား ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ဟာ ပေါက်ကွဲမှုကို တုံ့ပြန်ဆောင်ရွက်ခဲ့ပြီး ကလဲရ်တွန်မြို့ရှိ ဒေသဆိုင်ရာ အရာရှိတွေနဲ့ အဆက်အသွယ်လုပ်ခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျို့ရှ် ရှပီရိုက X မှာ ပို့စ်တင် ရေးသားခဲ့ပါတယ်။

အပျက်အစီးတွေအောက်မှာ လူတချို့ ပိတ်မိနေပြီး သူတို့ဆီရောက်ရှိဖို့ အရေးပေါ်ဝန်ထမ်းတွေ လုပ်ဆောင်နေကြောင်းနဲ့ သေဆုံးသူအရေအတွက်ကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း အားလက်ဂေးနီကောင်တီရဲ့ ဆက်သွယ်ရေးဒါရိုက်တာ အာဘိဂေးလ် ဂါ့ဒ်နာက CNN သတင်းဌာနကို  ပြောပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013