
အမေရိကန်နိုင်ငံမှာ လာလီဂါဘောလုံးပွဲစဉ် ကျင်းပခွင့်ကို စပိန်ဘောလုံးအဖွဲ့ချုပ်က ခွင့်ပြုချက် ပေးလိုက်ပါတယ်။
လာမယ့်ရာသီ လာလီဂါပွဲစဉ် ၁၇ အဖြစ် ယှဉ်ပြိုင်ကစားမယ့် ဗီလာရီးရဲလ်နဲ့ ဘာစီလိုနာ အသင်းတို့ရဲ့ ပွဲစဉ်ကို လာမယ့် ဒီဇင်ဘာ ၂၁ ရက်မှာ အမေရိကန်နိုင်ငံ မိုင်ယာမီမှာ ကျင်းပဖို့ စီစဉ်ထားတာပါ။
အဲဒီအပေါ် စပိန်ဘောလုံးအဖွဲ့ချုပ်က ကျင်းပခွင့်ပြုခဲ့ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နဲ့ ဥရောပဘောလုံးအဖွဲ့ချုပ်တွေရဲ့ ခွင့်ပြုမှုရဖို့ ဆက်လက်လုပ်ဆောင်နေပါတယ်။
ဖီဖာရဲ့စည်းမျဉ်းအရ ပြည်တွင်းလိဂ်ပွဲစဉ်တွေကို တခြားနိုင်ငံတွေမှာ ကျင်းပခွင့်မပြုပေမဲ့ ပြီးခဲ့တဲ့နှစ်က စတင်ပြီး စည်းမျဉ်းကို ဖြေလျှော့ဖို့ ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။
အီတလီ စူပါဖလားနဲ့ စပိန်စူပါဖလားပွဲစဉ်တွေကိုတော့ တခြားနိုင်ငံတွေမှာ ကျင်းပခွင့်ပြုခဲ့တာမျိုး ရှိပါတယ်။
အေစီမီလန်အသင်းကလည်း ကိုမိုနဲ့ စီးရီးအေပွဲစဉ်ကို သြစတြေးလျနိုင်ငံ ပါ့သ်မြို့မှာ ကျင်းပဖို့ ခွင့်ပြုချက် တောင်းထားပါတယ်။
အမေရိကန်မှာ လာလီဂါပွဲစဉ်ကျင်းပမယ့် အစီအစဉ်ကို ဗီလာရီးရဲလ်နဲ့ ဘာစီလိုနာအသင်း ပရိသတ်တွေအပြင် စပိန်ဘောလုံးပရိသတ်များအဖွဲ့ကလည်း ဆန့်ကျင်ကန့်ကွက်မယ်လို့ သိရပါတယ်။