Home
နိုင်ငံတကာ
သမ္မတမာဒူရိုကို ဖမ်းဆီးရန် အမေရိကန်က ဆုငွေ ၂ ဆ တိုးထုတ်သည့်အပေါ် ဗင်နီဇွဲလား ရှုတ်ချ
DVB
·
August 10, 2025
Photo: Reuters

ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ်မာဒူရိုကို ဖမ်းဆီးလို့ရမယ့် သတင်းအချက်အလက် ပေးနိုင်ရင် ဆုငွေချီးမြှင့်မယ်ဆိုတဲ့ အမေရိကန်ကို ဗင်နီဇွဲလား ကာကွယ်ရေးဝန်ကြီး ဗလာဒီမာပတ်ဒရီနို လိုပက်ဇ်က သြဂုတ် ၈ ရက်မှာ ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ 

မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေနဲ့ ရာဇ၀တ်ဂိုဏ်းတွေနဲ့ အချိတ်အဆက်မှု ရှိနေမှုတွေနဲ့ပတ်သက်ပြီး မာဒူရိုကို စွပ်စွဲထားချက်တွေအပေါ် အမေရိကန်က ဆုကြေးငွေကို ဒေါ်လာ သန်း ၅၀ အထိ ၂ ဆတိုးလိုက်ကြောင်း အမေရိကန်ရှေ့နေချုပ် ပမ်ဘွန်ဒီက သြဂုတ် ၇ ရက်ကကြေညာခဲ့ပါတယ်။

ဘွန်ဒီက မာဒူရိုကို ထရန်းဒီအာရဂွါနဲ့ ဆီနာလိုအာကာတယ်လ်တို့လို နာမည်ကြီး ရာဇ၀တ်ဂိုဏ်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။

“ဟောလိဝုဒ် အနောက်တိုင်းရုပ်ရှင်တွေစတိုင်အတိုင်း ကမ်းလှမ်းချက်တွေကို စိတ်ကူးယဉ်ဆန်ဆန် ဖန်တီးပြီး၊ ဥပဒေမဲ့ဖြစ်ပြီးတော့ စိတ်ပျက်စရာကောင်းတယ်” လို့ ပတ်ဒရီနိုလိုပက်ဇ်က ပြောကြားပါတယ်။ 

ယဉ်ကျေးမှုမရှိတဲ့လူမျိုးတွေက ငါတို့ရဲ့ ကာကွယ်ရေးဦးစီးချုပ်  နီကိုးလပ်စ် မာဒူရိုကိုလည်း မူးယစ်ဆေးဝါးမှောင်ခိုသမား၊ ကာကွယ်ရေးဝန်ကြီးကိုလည်း မူးယစ်မှောင်ခိုသမား ဆိုပြီး ပြောဖို့ကြိုးစားနေတဲ့လုပ်ရပ်က နိုင်ငံထဲက ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တယ်၊  နိုင်ငံတကာ ဥပဒေနဲ့ ပြည်သူတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရဲ့ အခြေခံမူတွေကိုလည်း ချိုးဖောက်တာဖြစ်ပြီးတော့ ဗင်နီဇွဲလား နိုင်ငံသားတွေကို လေးစားမှု မရှိတာပဲ လို့လည်း ဆိုပါတယ်။  

မာဒူရိုဟာ အမေရိကန်ကို မူးယစ်ဆေးဝါး ရောင်းဝယ်မှုအတွက် တာဝန်ရှိတဲ့ ကာတဲလ်ဒယ်လို့စ် ဆိုးလ်စ်ဂိုဏ်းမှာ ခေါင်းဆောင်အဖြစ်နဲ့ ဆယ်စုနှစ်တခုကျော် ကြာခဲ့ပြီလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုက ထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။

သောကြာနေ့မှာ မက္ကဆီကိုသမ္မတ ကလောက်ဒီယာ ရှိန်းဘောင်းမ်က မက္ကဆီကိုဟာ ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုနဲ့ ဆီနာလိုအာ ကာတယ်လ်အကြားက ပတ်သက်နေကြောင်း စွပ်စွဲခံထားရတဲ့ ဆက်ဆံရေးကို  စုံစမ်းစစ်ဆေးနေခြင်းမရှိသလို  အဲဒီဆက်ဆံရေးကလည်း ဆက်စပ်မှုရှိတယ်ဆိုတဲ့ ဘာအထောက်အထားမှ မရှိကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ 

မာဒူရိုကို မူးယစ်ဆေးဝါး ရောင်းဝယ်မှုနဲ့ အမေရိကန် အစိုးရရှေ့နေတွေက စွဲချက်တင်ချိန် ၂၀၂၀ ပြည့်နှစ်မှာ ဆုကြေးငွေ ဒေါ်လာ ၁၅ သန်းကို စတင်သတ်မှတ်ခဲ့တာပါ။

မာဒူရိုဟာ တတိယ သက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာတော့ ဆုငွေကို ဒေါ်လာ ၂၅ သန်းအထိ တိုးမြှင့်ခဲ့ပြီး ထိပ်တန်းအရာရှိတွေအပေါ် ပိတ်ဆို့အရေးယူမှုအသစ်တွေ ချမှတ်ခဲ့ပါတယ်။ 

ဖေဖော်ဝါရီလမှာ အမေရိကန် နိုင်ငံခြားရေးဌာနဟာ ထရန်းဒီ အာရဂွါ ဗင်နီဇွဲလားဂိုဏ်း အပါအဝင် MS-13 နဲ့ မက္ကဆီကန်ဂိုဏ်း အများအပြားတို့ကို ပြည်ပအကြမ်းဖက်အဖွဲ့တွေအဖြစ် တရားဝင်သတ်မှတ်ခဲ့ပါတယ်။

ဇူလိုင်လမှာတော့ ကာတဲလ် ဒယ်လို့စ်ဆိုးလ်စ် ဂိုဏ်းကို ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013