
ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရိုကို ဖမ်းဆီးနိုင်ဖို့ သတင်းပေးသူကို ဒေါ်လာ သန်း ၅၀ အထိ ပေးမယ်လို့ ဆုကြေး ၂ ဆ တိုးမြှင့်လိုက်ကြောင်း အမေရိကန်အစိုးရက ကြေညာပါတယ်။
မာဒူရိုဟာ “ကမ္ဘာ့အကြီးဆုံး မူးယစ်ဆေးဝါးမှောင်ခိုကူးသူတွေထဲက တယောက်” ဖြစ်တယ်လို့ အမေရိကန်ရှေ့နေချုပ် ပမ် ဘွန်ဒီက စွပ်စွဲလိုက်ပါတယ်။
ဒီလုပ်ရပ်ဟာ “နိုင်ငံရေးဝါဒဖြန့်မှု” သာ ဖြစ်တယ်လို့ ဗင်နီဇွဲလားအစိုးရက တုံ့ပြန်ခဲ့ပါတယ်။ ရှေ့နေချုပ် ဘွန်ဒီဟာ သက်ငယ်လိင်အရှုပ်တော်ပုံ ကျူးလွန်သူ ဂျက်ဖရီ အက်ပ်စတိန်း အမှုကို ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး ဝေဖန်ခံနေရတဲ့ သတင်းတွေကနေ “အာရုံလွှဲဖို့ ကြိုးပမ်းနေတာ” လို့ ဗင်နီဇွဲလားဘက်က စွပ်စွဲခဲ့ပါတယ်။
အမေရိကန်ဟာ မာဒူရိုနဲ့ ထိပ်တန်းတာဝန်ရှိသူတွေကို မူးယစ်အကြမ်းဖက်မှု၊ အကျင့်ပျက် ခြစားမှုတွေနဲ့ အရင်ကတည်းက စွဲချက်တင်ထားတာပါ။
သူနဲ့ဆက်စပ်တဲ့ ကိုကင်း တန်နဲ့ချီ ဖမ်းမိထားတယ်လို့လည်း အမေရိကန်က ဆိုပါတယ်။ ဒီကြေညာချက်ဟာ နှစ်နိုင်ငံကြား ကာလရှည်ကြာ တင်းမာနေတဲ့ ဆက်ဆံရေးကို ပိုမိုဆိုးရွားစေခဲ့ပါတယ်။
အငြင်းပွားဖွယ် ရွေးကောက်ပွဲနဲ့ ဇန်နဝါရီလမှာ သမ္မတအဖြစ် ပြန်လည်တာဝန်ယူခဲ့တဲ့ မာဒူရိုကို နိုင်ငံအများအပြားက အသိအမှတ် မပြုထားပါဘူး။
သမ္မတ ဒေါ်နယ်ထရမ့်ပ်ကလည်း မာဒူရိုကို အစဉ်တစိုက် ဝေဖန်ခဲ့ပါတယ်။