
Apple ကုမ္ပဏီက အမေရိကန်မှာ ဒေါ်လာ ၁၀၀ ဘီလီယံ ထပ်တိုး ရင်းနှီးမြှုပ်နှံမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဩဂုတ် ၆ ရက်မှာ ကြေညာပါတယ်။
Apple ဟာ ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်းအားဖြင့် အိုင်ဖုန်းတွေအပေါ် အခွန်ကောက်ခံမယ့်ကိစ္စကို ရှောင်လွှဲနိုင်မှာ ဖြစ်ပါတယ်။
Apple က ကတိပြုလိုက်တဲ့ ရင်းနှီးမြှုပ်နှံမယ် ဆိုတဲ့ ပမာဏအသစ်ကြောင့် အမေရိကန်မှာ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၆၀၀ ဘီလီယံအထိ ရှိလာမှာဖြစ်ပါတယ်။
ဒီနှစ်အစောပိုင်းက အမေရိကန်မှာ ဒေါ်လာ ဘီလီယံ ၅၀၀ ရင်းနှီးမြှုပ်နှံမယ်လို့ ကြေညာခဲ့တဲ့ Apple ဟာ လာမယ့် ၄ နှစ်မှာ အလုပ်သမား ၂၀,၀၀၀ ငှားရမ်းမယ်လို့လည်း ဆိုထားပါတယ်။
အမေရိကန်မှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်မယ်လို့ ကြေညာခဲ့အပြီးမှာ အိုင်ဖုန်းတွေကိုလည်း ပြည်တွင်းမှာထုတ်လုပ်ဖို့ ထရမ့်ပ်က တောင်းဆိုထားပါတယ်။
“Apple လို ကုမ္ပဏီတွေ အိမ်ပြန်လာကြပါပြီ။ သူတို့အားလုံး အမေရိကန်ကို ပြန်လာပါပြီ။ ဒါဟာ အမေရိကမှာလုပ်တဲ့ အိုင်ဖုန်းတွေ အမေရိကမှာ ရောင်းဖို့ သေချာစေတဲ့ ခြေလှမ်းပဲ ဖြစ်ပါတယ်” လို့ ထရမ့်ပ်က ပြောပါတယ်။
Apple စီအီးအို တင်မ်ကွပ်က ၂၄ ကာရက်ရှိ ရွှေအောက်ခြေပြားနဲ့ ဖန်သားအမှတ်တရပစ္စည်းကို အိမ်ဖြူတော်မှာ ပေးခဲ့ပြီးနောက် ထရမ့်ပ်က သတင်းထောက်တွေကို အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။
Apple ဟာ အိုင်ဖုန်း ထုတ်လုပ်တာနဲ့ပတ်သက်ပြီး အရာအားလုံးကို အမေရိကန်မှာ လုပ်ဆောင်နိုင်သလားဆိုတဲ့ မေးခွန်းကို တင်မ်ကွပ်က ဆီမီးကွန်ဒက်တာ၊ glass၊ Face ID Modules တွေ အားလုံးက အရင်ကတည်းက ပြည်တွင်းမှာ ထုတ်လုပ်တာဖြစ်ပြီး အစိတ်အပိုင်းအားလုံးကို နိုင်ငံခြားမှာ တပ်ဆင်တာဖြစ်တယ်လို့ ပြောပါတယ်။
Apple က ဒေါ်လာ ဘီလီယံ ၆၀၀ ရင်းနှီးမြှုပ်နှံတာဟာ အမေရိကန်ရဲ့ ကုန်ထုတ်လုပ်မှု ရည်ရွယ်ချက်အသစ်ကို ဖော်ပြလိုက်တာဖြစ်ကြောင်း၊ ကျနော်တို့မှာ ဒေါ်လာ ၁၇ ထရီလီယံ အမေရိကန်နိုင်ငံဆီကို ဝင်လာကြောင်း၊ အမေရိကန်မှာ ဒီလို ရင်းနှီးမြှုပ်နှံမှုပမာဏ ဝင်ရောက်တာမျိုး မရှိကြောင်းလည်း ထရမ့်ပ်က ပြောဆိုထားပါတယ်။
Source: Reuters