
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ တိုင်းမ်စကွဲယား ရင်ပြင်မှာ သြဂုတ် ၉ ရက် မနက်အစောပိုင်းက ပစ်ခတ်မှုဖြစ်ပြီး လူ ၃ ယောက် သေနတ်ကျည်ဆန်ထိမှန်ပြီး ဒဏ်ရာ ရခဲ့တယ်လို့ နယူးယောက်ရဲဌာနက ပြောပါတယ်။
ပစ်ခတ်မှုကြောင့် အသက် ၁၈ နှစ်အရွယ် အမျိုးသမီး တယောက်၊ အသက် ၁၉ နှစ်အရွယ် အမျိုးသားတယောက်နဲ့ အသက် ၆၅ နှစ်အရွယ် အမျိုးသားတယောက်တို့ ဒဏ်ရာရသွားပြီး ဆေးရုံမှာ အခြေအနေတည်ငြိမ် နေတယ်လို့ နယူးယောက်ရဲတပ်ဖွဲ့ NYPD ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
အသက် ၁၇ နှစ်အရွယ် အမျိုးသားတယောက်ကို ရဲတပ်ဖွဲ့က ထိန်းသိမ်းထားပြီး သေနတ်တလက်ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
ဒေသစံတော်ချိန် မနက် ၁ နာရီ မိနစ် ၂၀ ဝန်းကျင်မှာ ပစ်ခတ်မှု ဖြစ်ခဲ့ပြီး ဒဏ်ရာရသူတွေထဲက တယောက်နဲ့ စကားများရန်ဖြစ်ခဲ့တယ်လို့ NYPD က ပြောပါတယ်။
သေနတ်သမားနဲ့ ပစ်ခတ်ခံရသူတွေ အချင်းချင်း သိကျွမ်းကြသလားဆိုတာ မသိရသေးဘူးလို့လည်း ပြောပါတယ်။
သေနတ်တွေ ကျယ်ကျယ်ပြန့်ပြန့်ရနိုင်တဲ့ အမေရိကန်နိုင်ငံမှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မှုတွေဟာ အတော်လေးကို အဖြစ်များပါတယ်။
Source: Reuters