
ထိုင်းနိုင်ငံအရှေ့ပိုင်း၊ ပရာကျင်းပူးရီးခရိုင် သံရည်ကျိုစက်ရုံတခုမှာ ဩဂုတ် ၁၂ ရက် မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားပြီး မြန်မာလုပ်သားတယောက် သေဆုံးကာ တယောက် အပြင်းအထန် ဒဏ်ရာရသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
မနေ့မနက် ၃ နာရီခန့်က ပရာကျင်းပူးရီးခရိုင်၊ သီရိမဟာဗောဓိမြို့ နောင်ဖုန်းရပ်ကွက်ရှိ သံရည်ကျိုစက်ရုံတရုံမှာ ပေါက်ကွဲမှုဖြစ်ပွားကြောင်း အကြောင်းကြားချက်ရတာကြောင့် အရေးပေါ် လူနာတင်ကား၊ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ သွားရောက်ကြည့်ရှုခဲ့တယ်လို့ သီရိမဟာဗောဓိ နယ်မြေရဲစခန်း တာဝန်ကျစခန်းမှူးက သတင်းထောက်တွေကို ပြောပါတယ်။
အခင်းဖြစ်ပွားတဲ့နေရာဟာ စက်ရုံအပေါ်ထပ် သံရည်ကျိုတဲ့နေရာမှာဖြစ်ပြီး အနီးနားမှာ တကိုယ်လုံး အပူလောင်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားတယောက်၊ လက်နှစ်ဖက်လုံး အပူလောင် ပျက်စီးနေတဲ့ အမျိုးသမီးတယောက်တို့ကို တွေ့ရှိတယ်၊ နှစ်ယောက်လုံး မြန်မာအလုပ်သမားတွေဖြစ်ပြီး သေဆုံးသူမှာ အသက် ၂၅ နှစ်အရွယ် ဝေဖြိုးအောင် ဖြစ်တယ်၊ ကယ်ဆယ်ရေးအဖွဲ့က သေဆုံး ဒဏ်ရာရသူတွေကို မြို့နယ်ဆေးရုံကြီး ပို့ဆောင်လိုက်တယ်လို့ ဆိုပါတယ်။
စက်ရုံအလုပ်သမားတယောက် ပြောပြချက်အရ သူတို့တွေဟာ ညဆိုင်းအလုပ်ဆင်းနေစဉ် မနက် ၃ နာရီလောက်မှာ သံရည်ကျိုအိုးကနေ ကျယ်လောင်တဲ့ ပေါက်ကွဲသံ ကြားရပြီး မီးထလောင်တယ်၊ မီးဝိုင်းငြှိမ်းတဲ့နောက် သံရည်ကျိုးအိုးနား ဒဏ်ရာနဲ့လဲကျနေတဲ့ အလုပ်သမား ၂ ယောက်ကို တွေ့ရတာလို့ ဆိုပါတယ်။
စစ်ဆေးချက်အရ အဆိုပါသံရည်ကျိုအိုးမှာ အပူချိန် ၁၆၀၀ ဒီဂရီစင်တီဂရိတ်ထိ ပေးရပြီး အိုးထဲက သံရည်တွေကို ကရိန်းနဲ့မ,ပြီး ပုံဖော်အိုးထဲ ထပ်သွန်းလောင်းရတယ်၊ ကရိန်းမတင်နေစဉ် စက်ချို့ယွင်းမှုဖြစ်ပြီး သံရည်ကျိုအိုးနဲ့ ပြန်တိုက်မိကာ ပေါက်ကွဲသွားတယ်၊ သံရည်ပူတွေဟာ အနားမှာရှိတဲ့ မြန်မာအလုပ်သမားပေါ် ဖိတ်စင်ကျသွားတယ်၊ အနီးဆုံးမှာရှိတဲ့ မြန်မာလုပ်သားက ထွက်ပြေးချိန်မရဘဲ သံရည်ပူလောင်းချခံရသလိုဖြစ်ပြီး သေဆုံးသွားတာလို့ ဆိုပါတယ်။
အဆိုပါစက်ရုံမှာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး တရားဝင်မှတ်ပုံတင်ခြင်းရှိမရှိ၊ လုပ်ငန်းခွင် ဘေးကင်း လုံခြုံရေးအတွက် ဥပဒေနဲ့အညီ ကာကွယ်ဆောင်ရွက်ထားခြင်းရှိမရှိ ဆက်လက်စစ်ဆေးနေတယ်လို့ ထိုင်း သတင်းမှာ ဖော်ပြပါတယ်။
Source: Khaosod News / Workpoint TV News