
မြန်မာနိုင်ငံဘက်က သွယ်ယူထားတဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ထိန်းချုပ်ထားနိုင်တဲ့ အကြောင်း ကရင်လက်နက်ကိုင် ခွဲထွက်အဖွဲ့တဖွဲ့ ဖြစ်တဲ့ ကော်သူးလေတပ်မတော်က ပြောကြားပြီးနောက် မြန်မာနိုင်ငံ ပြည်တွင်းစစ်ဟာ ထိုင်းနိုင်ငံကို စတင်သက်ရောက်လာမှာကို စိုးရိမ်မှုတွေ မြင့်တက်လာနေတယ်လို့ Bangkok Post သတင်းမှာ ဩဂုတ် ၁၀ ရက်က ဖော်ပြပါတယ်။
ကော်သူးလေတပ်မတော်က ဗိုလ်ချုပ်ကြီး စောနယ်ဒါးမြက သူတို့တပ်ဖွဲ့အနေနဲ့ ထိုင်း PTTEP ကုမ္ပဏီက ပိုင်ဆိုင်ပြီး မြန်မာနိုင်ငံဘက်ကနေ ထိုင်းနိုင်ငံ ကန်ချနပူရီကို ပို့ဆောင်ပေးနေတဲ့ ဓာတ်ငွေ့ပိုက်လိုင်းကို ထိန်းချုပ်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
သူ့ရဲ့အဆိုအရ ကော်သူးလေတပ်မတော်ဟာ အခုအခါ အဆိုပါဓာတ်ငွေ့ပိုက်လိုင်းကို ကီလိုမီတာ ၄၀ အထိ ထိန်းချုပ်ထားပြီးဖြစ်တယ်လို့ သိရပြီး အဆိုပါ သဘာဝဓာတ်ငွေ့ ကုန်သွယ်မှုကနေ ရရှိတဲ့ ဝင်ငွေတွေဟာ မြန်မာစစ်အုပ်စုအတွက် အကျိုးဖြစ်ထွန်းနေတာကြောင့် ပိုက်လိုင်းကို ပိတ်ပစ်ဖို့ ဒါမှမဟုတ် ဖျက်ဆီးဖို့ စဉ်းစားနေတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။
ဒါကြောင့်မို့ ထိုင်းနိုင်ငံနဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် စတင်သက်ရောက်မှုရှိလာမှာကို စိုးရိမ်မှုတွေ မြင့်တက်လာတယ်လို့လည်း ဆိုပါတယ်။
ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ကော်သူးလေတပ်မတော် အမည်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၇ ရက်မှာ စတင်တည်ထောင်လိုက်တာပါ။
ဒါဟာ လူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ်ကို တော်လှန်ဖို့နဲ့ မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်ကောင်စီ တပ်မတော် ပြုတ်ကျရေး တိုက်ပွဲဝင်သွားဖို့ဖြစ်တယ်လို့ သူက ပြောထားပါတယ်။
Source : Bangkok Post