ကရင်ပြည်နယ်၊ ဘားအံခရိုင်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၇) စစ်ဌာနချုပ်ကို ဩဂုတ် ၁၀ ရက်မနေ့ ညပိုင်းမှာ စစ်ကောင်စီရဲ့ လေတပ်က Y12 စစ်လေယာဉ်နဲ့ ပတ်ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒေသခံတယောက်က “Y12 တိုက်လေယာဉ်က မနေ့ည ၇ နာရီခွဲလောက်က မော်ပယ်ခို့ ရွာဘက်ကနေ ဆင်းလာပြီး ဆေးရုံဘက်ကို ဗုံးနဲ့ အရင်စကြဲချတယ်။ တခါကြဲရင် ဗုံးသီး ၅ လုံး၊ ၆ လုံး ပတ်ပြီးကြဲတယ်။ KNLA ဌာနချုပ်နားမှာ ပေါက်ကွဲသံတွေ ပိုကြားရတယ်။ အားလုံး ၂၅ လုံး ၊ မကွဲသေးတဲ့ အလုံးတွေလည်း ရှိသေးတယ်။ ဒီချိန်ဆိုရင် ညမှောင်မည်းနေပြီ။ ထွက်ပြေးနေရလို့ အသေအပျောက် အပျက်အစီးတွေ မသိရသေးဘူး” လို့ပြောပါတယ်။
စစ်တပ်က အရင်က KNLA ဌာနချုပ်ကို ကာမီကာဇေဒရုန်းနဲ့ မကြာခဏဗုံးကြဲလေ့ရှိပြီး Y12 လေယာဉ်နဲ့ ဗုံးကြဲတာကတော့ အခု ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
ဗုံးဒဏ်ကြောင့် အဆောက်အအုံတချို့ မီးလောင်ပြီး အမျိုးသမီးနဲ့ ကလေးတွေ ထိုင်းဘက်ကို စစ်ဘေးရှောင် ထွက်ပြေးသွားကြတယ်လို့ KNLA နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်ရဲ့ တဘက်ခြမ်း ကရင်ပြည်နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) ဌာနချုပ်ရှိရာ တပ်မဟာ ၇ ဌာနချုပ် ကို စစ်တပ်က Y12 တိုက်လေယာဉ်နဲ့ ၆ ကြိမ်လာရောက်ပျံဝဲပြီး ဗုံးအလုံး ၂၀ ကျော် ကြဲချသွားတယ်လို့ AEC ထိုင်းအာဆီယံသတင်းမှာလည်း ဖော်ပြပါတယ်။
ဗုံးဒဏ်ကြောင့် အဆောက်အဦနဲ့ မော်တော်ကားတွေ ပျက်စီးဆုံးရှုံးပြီး ဆေးရုံအနီးကျလာတဲ့ ဗုံးကြောင့် အမျိုးသားတယောက် ဒဏ်ရာရတယ်၊ တပ်မဟာ ၇ အနီးရှိ ရွာသားတချို့ သောင်ရင်းမြစ်ကို ဖြတ်ကျော်ပြီး ထိုင်းဘက်ခြမ်းမှာရှိတဲ့ အသိဆွေမျိုးတွေထံ လာရောက်ခိုလှုံလာကြတယ်၊ ထိုင်း တာဝန်ရှိသူတွေဘက်ကလည်း စစ်ဘေးရှောင်တွေအတွက် အရေးပေါ် နေရာထိုင်ခင်း ကြိုတင်ပြင်ဆင်ထားတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဒီတိုက်ခိုက်မှုဟာ ကရင့်အမျိုးသားအာဇာနည်နေ့ မတိုင်ခင် ၂ ရက်အလိုမှာ ဖြစ်သွားခဲ့တာပါ
Source : AEC News