Home
ဆောင်းပါး
မြန်မာပြည်တွင်းစစ်အတွင်း ရာဇဝတ်ဂိုဏ်းများ အားကောင်းလာ
DVB
·
August 11, 2025

လွန်ခဲ့တဲ့တနှစ်လောက်ကဆိုရင် မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်မှာ တော်လှန်ရေးအင်အားစုတွေရဲ့ အောင်ပွဲနဲ့ အဆုံးသတ်တော့မယ်လို့ အများက ထင်ခဲ့ကြပါတယ်။ ဒါ‌ပေမဲ့ အခုအခြေအနေက ပိုပြီး မရေမရာ ဖြစ်လာပါတယ်။ တော်လှန်ရေးအင်အားစုတွေဟာ သိသာထင်ရှားတဲ့ အောင်မြင်မှုတွေနဲ့ အရေးပါတဲ့ အောင်ပွဲတွေ ရခဲ့ပေမဲ့ လူဦးရေထူထပ်ပြီး အချက်အချာကျတဲ့ မြန်မာနိုင်ငံရဲ့ အလယ်ပိုင်းဒေသတွေကိုတော့ ထိုးဖောက်နိုင်ခြင်း မရှိသေးပါဘူး။ အခုနောက်ပိုင်းမှာဆိုရင် တရုတ်နိုင်ငံကလည်း နိုင်ငံတွင်းက သူတို့ရဲ့ပိုက်လိုင်းကို ကာကွယ်ဖို့အတွက် စစ်အာဏာသိမ်းစစ်တပ်ကို ပိုမိုထောက်ပံ့ကူညီလာခဲ့ပါတယ်။ ဒါ့အပြင် တရုတ်နယ်စပ်နားမှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးအဖွဲ့တွေကိုလည်း အရေးပါတဲ့ နယ်မြေတွေ စွန့်လွှတ်ခိုင်းတာမျိုး ဖိအားပေး လုပ်ဆောင်လာပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပြီး လအနည်းငယ်အကြာမှာပဲ စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် နိုင်ငံဟာ ပျက်စီးသွားခဲ့ပါပြီ။ ဒီနှစ်ထဲမှာပဲ အလွန်ဆိုးရွားတဲ့ ငလျင်ဒဏ်ကိုလည်း ခံခဲ့ရပါသေးတယ်။ စောင့်ကြည့်လေ့လာရေး အဖွဲ့အစည်းတခုဖြစ်တဲ့ ACLED ရဲ့ သတ်မှတ်ချက်အရ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဒုတိယအကြမ်းဖက်မှုအများဆုံးနေရာ ဖြစ်နေပြီး ကျရှုံးနိုင်ငံ (failed state) တခုရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့လည်း တော်တော်လေး ကိုက်ညီနေပါပြီ။ စစ်အုပ်စုဟာ နိုင်ငံရဲ့ ဧရိယာအတော်များများကို မထိန်းချုပ်နိုင်တော့သလို နိုင်ငံတော်ရဲ့ လုပ်ငန်း‌ဆောင်တာ တော်တော်များများကိုလည်း မ‌ဆောင်ရွက်နိုင်တော့ပါဘူး။ ပြီးခဲ့တဲ့ ၄ နှစ်အတွင်း ဆင်းရဲမွဲတေမှုနဲ့ ငတ်မွတ်ခေါင်းပါးမှုတွေက အဆမတန် မြင့်တက်လာခဲ့ပါတယ်။ ပြည်တွင်းက အကူအညီပေးရေး အဖွဲ့တွေကလည်း သူတို့ရဲ့ လုပ်ငန်းတွေကို အနည်းငယ်ပဲ လုပ်ဆောင်နိုင်ပါတော့တယ်။ ဒါ့အပြင် တိုင်းပြည်စီးပွားရေးကလည်း ပျက်စီးနေတာကြောင့် မြန်မာနိုင်ငံဟာ ဆက်ပြီး ပြိုလဲသွားနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။

ဒါဟာ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာသိမ်းစစ်တပ်ကြောင့် ဖြစ်ပေါ်လာတဲ့ ကပ်ဘေးတခု မှန်ပေမဲ့ ဒါကို ပြည်တွင်းနဲ့ ဒေသတွင်းနဲ့ပဲ သက်ဆိုင်တယ်လို့ သတ်မှတ်လို့မရတော့ပါဘူး။ ဒီကျရှုံးနိုင်ငံထဲမှာ နိုင်ငံတော်နဲ့မပတ်သက်တဲ့ ရာဇဝတ်အဖွဲ့အစည်းတွေဟာ ဒေသတွင်းနဲ့ ကမ္ဘာကြီးကိုပါ ကြီးကြီးမားမား သက်ရောက်မှု ရှိလာတဲ့အတွက်ကြောင့်ပါပဲ။ တရုတ်နိုင်ငံက ဒီလုပ်ငန်းကြီးတွေကို ပိတ်သိမ်းဖို့ ကူညီပေးနေတဲ့ကြားကပဲ တရားဥပဒေစိုးမိုးမှုမရှိတဲ့ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံသားတွေနဲ့ အနောက်နိုင်ငံသားတွေအတွက် ပစ်မှတ်ထားတဲ့ အွန်လိုင်းငွေလိမ်လည်မှု (cyber scams) တွေရဲ့ ဗဟိုချက် ဖြစ်လာခဲ့ပါတယ်။ စစ်အာဏာသိမ်းတပ်ဖွဲ့တွေရော တခြားလက်နက်ကိုင်အဖွဲ့တွေပါ ဒီအွန်လိုင်းငွေလိမ်လုပ်ငန်းတွေ ဆီကနေ သေနတ်ပြပြီး တရားမဝင် အခွန်ကောက်ခံကာ ရန်ပုံငွေ ရှာဖွေနေကြပါတယ်။

ဒီလိမ်လည်မှုတွေထဲမှာ ငွေကြေးလိမ်လည်မှုတွေ ပါဝင်သလို အွန်လိုင်းကနေ ချစ်သူအယောင်ဆောင်ပြီး ပစ်မှတ်ထားခံရသူဆီကနေ ပိုက်ဆံရအောင်လုပ်တဲ့ လိမ်လည်မှုတွေလည်း ပါဝင်ပါတယ်။ ဒီလိမ်လည်မှုလုပ်ငန်းတွေအတွက် လူသိန်းပေါင်းများစွာဟာ မြန်မာနိုင်ငံထဲကို လူကုန်ကူးခံ‌နေရပြီး ခေတ်သစ်ကျွန်ပြုမှုအောက်မှာ အတင်းအဓမ္မ အလုပ်လုပ်ခိုင်းနေပါတယ်။ ဒီရာဇဝတ်မှုတွေဟာ ကမ္ဘာအနှံ့ကို သက်ရောက်မှုရှိနေပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေမှာ ဒီလိမ်လည်မှုတွေကြောင့် ၄ နှစ်တာကာလအတွင်း ဆုံးရှုံးခဲ့ရတဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၇၅ ဘီလီယံကျော် ရှိခဲ့ပါတယ်။ အမေရိကန်နိုင်ငံကို ပစ်မှတ်ထားမှုတွေကြောင့်လည်း အမေရိကန်ပြည်သူတွေဟာ တနှစ်ကို ဒေါ်လာ ၂ ဘီလီယံကျော် နစ်နာဆုံးရှုံးနေရပါပြီ။

ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်ပြောရရင် Global Organized Crime Index အရ မြန်မာနိုင်ငံဟာ ကမ္ဘာ့ရာဇဝတ်မှုတွေရဲ့ လက်ရှိဗဟိုချက် ဖြစ်လာတယ်လို့ ခန့်မှန်းထားကြပါတယ်။ အွန်လိုင်း ငွေလိမ်လည်မှုတွေတင်မကဘဲ မြန်မာ့မူးယစ်ဂိုဏ်းတွေဟာ အစွမ်းထက်တဲ့ ဓာတုစိတ်ကြွမူးယစ်ဆေးဝါး ထုတ်လုပ်မှုကို အရှိန်မြှင့်ပြီး ဒေသတွင်းမှာ ရောင်းချနေသလို ကမ္ဘာအနှံ့ကိုလည်း တင်ပို့နေပါတယ်။ ဒါကြောင့် သူတို့ဟာ မက်သာဖက်တမင်းနဲ့ အလားတူ ဓာတုမူးယစ်ဆေးတွေ၊ ဖန်တနဲလ် (fentanyl) လို ဓာတုဘိန်းအမျိုးအစားတွေရဲ့ အကြီးမားဆုံး နိုင်ငံတကာ ဇာတ်ကောင်တွေ ဖြစ်လာခဲ့ပါတယ်။ အဲဒီမူးယစ်ဆေးအများစုဟာ နောက်ဆုံးမှာ ဒေသတွင်းကို ဖြတ်ကျော်ပြီး မြောက်အမေရိကတိုက်အထိ ရောက်ရှိသွားပါတယ်။ ဒါ့အပြင် ဘိန်းအစားထိုးသီးနှံတွေ စိုက်ဖို့ တိုက်တွန်းခဲ့တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေလည်း မရှိတော့ပါဘူး။ ဒါကြောင့် စစ်ပွဲကာလအတွင်း မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးမှုက ပြန်လည်မြင့်တက်လာခဲ့ပြီး New York Times သတင်းစာရဲ့ ခန့်မှန်းချက်အရ မြန်မာနိုင်ငံဟာ ဘိန်းဖြူချက်လုပ်ရာမှာ အဓိက ကုန်ကြမ်းတွေကို အများဆုံးထုတ်လုပ်တဲ့နိုင်ငံ ဖြစ်နေပြီလို့ ဆိုပါတယ်။

ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်အများစု ပြတ်တောက်နေပြီး ပိတ်ဆို့အရေးယူမှုများစွာ ခံနေရတဲ့ ဒီကျရှုံးနိုင်ငံထဲမှာ တရုတ်နိုင်ငံကလွဲလို့ တခြားနိုင်ငံတွေက ပြည်တွင်းရေးကို ဝင်မစွက်ဖက်တော့တဲ့ အချိန်မှာ အဓိကကျတဲ့ ရာဇဝတ်လုပ်ငန်းကြီးတွေက ဒီနိုင်ငံမှာ အခြေချလာကြပါတယ်။ လူကုန်ကူးမှုကလည်း အဆမတန် မြင့်တက်လာပါတယ်။ လူတွေကို အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေအတွက်သာမက အရှေ့အလယ်ပိုင်းနဲ့ ဥရောပမှာ ကျွန်သဘောက်လို ရောင်းစားဖို့အတွက်အထိပါ လူကုန်ကူးနေကြပါတယ်။ တရုတ်၊ ထိုင်းနဲ့ ဒေသတွင်း တခြားနိုင်ငံတွေမှာ အလိုရှိနေတဲ့ နာမည်ကြီး ရာဇဝတ်ကောင်ကြီးတွေဟာ ဘယ်သူမှ အလွယ်တကူ ဖမ်းလို့မရတဲ့ မြန်မာနိုင်ငံကို ထွက်ပြေးတိမ်းရှောင်လာ‌နေကြပါတယ်။ သူတို့ထဲမှာ တောရိုင်းတိရစ္ဆာန်နဲ့ ရှားပါးတိရစ္ဆာန်တွေကို တရားမဝင် ရောင်းဝယ်ဖောက်ကားသူတွေ၊ တရားမဝင် လောင်းကစားရုံကြီးတွေမှာ ပါဝင်ပတ်သက်သူတွေ၊ တရားမဝင် ငွေတိုးအကြီးစား ချေးစားတဲ့ လုပ်ငန်းစုကြီးတွေကို ဦးဆောင်သူတွေ စသဖြင့် အမျိုးမျိုး ပါဝင်ပါတယ်။

မြန်မာနိုင်ငံဟာ စစ်နွံထဲကို တဖြည်းဖြည်းနဲ့ နစ်၀င်လာနေပါတယ်။ အဓိက အလှူရှင် နိုင်ငံကြီးတွေကလည်း ဒီနိုင်ငံအပေါ် စိတ်ဝင်စားမှု နည်းပါးလာနေပါပြီ။ မြန်မာနိုင်ငံရဲ့ အနာဂတ် အလားအလာကလည်း မှေးမှိန်လာပါတယ်။ ရာဇဝတ်ဂိုဏ်းတွေရဲ့ လုပ်ငန်းတွေကသာ ဒီကျရှုံးနိုင်ငံထဲမှာ ပိုပြီး ကြီးထွားလာ‌နေတာ ဖြစ်ပါတယ်။

ဂျိုရှုအာ ကာလန်ဇစ်

(Council on Foreign Relations ဝက်ဆိုက်တွင်  အရှေ့တောင်အာရှအရေး ကျွမ်းကျင်သူ စာရေးဆရာ Joshua Kurlantzick ရေးသားထားသည့် “Organized Crime Is Thriving in Myanmar’s Civil War—and It’s a Global Threat” ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013