
ကမ္ဘောဒီးယားနဲ့ ထိုင်း နှစ်နိုင်ငံအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အပြည့်အဝ လေးစားလိုက်နာဖို့နဲ့ ဖမ်းဆီးခံထားရတဲ့ စစ်သား ၁၈ ယောက်ကို လွှတ်ပေးဖို့ ဗုဒ္ဓဘာသာဘုန်းကြီး အပါး ၂,၅၀၀ ကျော်က ကမ္ဘောဒီးယားနိုင်ငံရဲ့မြို့တော် ဖနွမ်းပင်မှာ သြဂုတ် ၁၀ ရက်က ငြိမ်းငြိမ်းချမ်းချမ်း ကြွချီခဲ့ပါတယ်။
သံဃာ ၂,၅၆၉ ပါးဟာ ဝပ်ဖနွန် ဘုန်းတော်ကြီးကျောင်းကနေ ဖနွမ်းပင်မြို့လယ်က လွတ်လပ်ရေးကျောက်တိုင်ဆီ ၃ ကီလိုမီတာ အကွာအဝေးကို ငြိမ်းငြိမ်းချမ်းချမ်း ကြွချီခဲ့ပြီး နဖူးစည်းနဲ့ ကမ္ဘောဒီးယားအလံတွေ ကိုင်ဆောင်ခဲ့ပါတယ်။
သီလရှင်တွေနဲ့ မြို့သူမြို့သားတွေကလည်း ချီတက်ပွဲကို ပူးပေါင်းခဲ့ကြပါတယ်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို စတင်ဆောင်ရွက်ခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို ကျေးဇူးတင်ကြောင်း ပြသတဲ့အနေနဲ့ အမေရိကန်သံရုံးရှေ့မှာ ငြိမ်းချမ်းရေး ချီတက်ပွဲကို ရပ်နားခဲ့ပါတယ်။
သူ့ကို ငြိမ်းချမ်းရေးနိုဘယ်လ်ဆုအတွက် အမည်စာရင်းတင်သွင်းဖို့ ကမ္ဘောဒီးယား ခေါင်းဆောင်ကိုလည်း ထောက်ခံတဲ့ ကြေညာချက်ကို ဘုန်းတော်ကြီးတပါးက ဖတ်ကြားခဲ့ပါတယ်။
ဇူလိုင် ၂၄ ရက်ကနေ ၂၈ ရက်အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေဟာ ဆယ်စုနှစ်တခုကျော်အတွင်း နိုင်ငံတွေကြား အဆိုးရွားဆုံးတိုက်ပွဲတွေ ဖြစ်ပါတယ်။
အမြောက်တွေ၊ ဂျက်တိုက်လေယာဉ်တွေနဲ့ အပြန်အလှန် ပစ်ခတ်တာတွေကြောင့် နှစ်ဖက်စလုံးက လူ ၄၃ ယောက်ထက်မနည်း သေဆုံးပြီး လူ ၃၀၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်က မခိုင်မာဘဲရှိနေလို့ ပစ်ခတ်တိုက်ခိုက်တာတွေ ပြန်မဖြစ်တာ သေချာစေဖို့ ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့က အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) က လေ့လာသူတွေကို အငြင်းပွားနေတဲ့ နယ်စပ်ဒေသတွေမှာ စစ်ဆေးခွင့်ပြုဖို့ ဩဂုတ် ၇ ရက်ကတည်းက သဘောတူထားပါတယ်။
Source: Reuters