ထိုင်းမှာ မြန်မာ ရွှေ့ပြောင်းလုပ်သား ဇနီးမောင်နှံရဲ့ အသက် ၄ နှစ် ၃ လ အရွယ် ကလေးငယ်ဟာ ကျောက်ကပ်နဲ့ အဆုတ်ရောဂါ ခံစားနေရပြီး ကလေး ဆေးကုသဖို့ အခက်အခဲတွေ ကြုံနေရပါတယ်။
ထိုင်းနိုင်ငံ၊ နွန်ထဘူရီမြို့မှာ အလုပ်လုပ်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ကိုပေါအောင်နဲ့ မအေးလှတို့ ဇနီးမောင်နှံရဲ့ အသက် ၄ နှစ်၊ ၃ လအရွယ် ကလေးငယ် မောင်ကျော်မင်းဟာ ကျောက်ကပ်နဲ့ အဆုတ်ရောဂါကို ခံစားနေရပြီး၊ မိဘနှစ်ပါးဟာ ကလေး ဆေးကုသဖို့ ငွေကြေး အခက်အခဲ ကြုံနေရပါတယ်။
ကလေးရဲ့ ဖခင် ကိုပေါအောင်ဟာ နွန်ထဘူရီမြို့က သစ်ရုံမှာ အလုပ်လုပ်တဲ့ ရွှေ့ပြောင်းလုပ်သား တယောက်ဖြစ်ပြီး၊ တရက်ကို အခြေခံ လုပ်အားခ ၃၇၃ ဘတ် ဝန်းကျင်ရတယ်လို့ ဆိုပါတယ်။
သူတို့ မိသားစုဟာ ဖခင်တယောက်တည်းရဲ့ ဝင်ငွေနဲ့ ရပ်တည်နေရသလို၊ မိခင်မှာလည်း ပတ်စ်ပို့ အထောက်အထား အစုံ မရသေးတာကြောင့် အလုပ်ရဖို့ ခက်ခဲကာ၊ တလကို ပုံမှန်ဝင်ငွေ ဘတ် ၁ သောင်းကျော်နဲ့ မိသားစု ၃ ယောက် နေထိုင်စားသောက်ကြတယ်လို့ ပြောပါတယ်။
ကလေးရဲ့ မိခင် မအေးလှက “အခု အနေအထားကတော့ ကလေးက ငုတ်တုတ် မထိုင်နိုင်သေးဘူး။ တကိုယ်လုံး ရောင်ကိုင်းနေတယ်။ အခုက ဆီးလည်း မသွားနိုင်သေးတော့ ဖောက်ထုတ်ထားရတယ်။ အောက်ဆီဂျင်က ၅ ရက်နေ့က စတပ်ရတယ်။ ၅ ရက်နေ့ကတည်းက စတပ်တာ ဒီနေ့ထိ မဖြုတ်ရသေးဘူး။ ဆရာဝန်တွေက ပြောတယ်။ ဆေးစစ်ချက်အရ ကျောက်ကပ်နဲ့ အဆုတ် ဖြစ်နေတယ်။ ကလေးက ၄ နှစ်နဲ့ ၃ လရှိပြီး။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ကျမတို့မှာ ပိုက်ဆံက တကျပ်မှ မရှိတော့ဘူး။ မရှိတဲ့အခါကျတော့ ငွေကြေးအခက်အခဲ အရမ်းလိုအပ်နေတယ်။ ကျမတို့ မိသားစု ၃ ယောက်ပေါ့။ စီးပွားရေးကတော့ ကလေးက ခဏခဏ ကျန်းမာရေး ဖြစ်နေတော့ ကျမတို့မှာ ပိုတာ ဘာမှ မရှိဘူး။ နေ့စားက တရက်ကို ၃၇၃ ဘတ်လောက်ပဲ ရတာဆိုတော့ အိုတီက မရှိတော့ တယောက် လုပ်စာပဲ ရှိတော့ ကျမတို့မှာ အဆင်မပြေနိုင်ဘူး” လို့ ပြောပါတယ်။
ဆေးစစ်ချက်အရ ကလေးငယ်ဟာ ကျောက်ကပ်နဲ့ အဆုတ်ရောဂါ ခံစားနေရပြီး၊ ပုံမှန်အတိုင်း ဆီးမသွားနိုင်တဲ့အတွက် ပိုက်နဲ့ စွန့်ထုတ်နေရသလို လက်ရှိမှာလည်း အောက်ဆီဂျင် ပေးကာ ကုသနေရတယ်လို့ ကလေး မိဘတွေက ပြောပါတယ်။
ကလေး ဆေးကုသစရိတ်က ပထမတကြိမ် ဆေးရုံတက်တုန်းက ဘတ် ၁ သိန်း ၂ သောင်းခွဲ ကုန်ကျခဲ့ပြီး၊ အခု တခေါက်မှာလည်း ကုန်ကျစရိတ် ဘတ် ၁ သိန်းကျော် ကုန်ကျမှာကို မိဘနှစ်ပါးက ငွေကြေးမတတ်နိုင်တာကြောင့် ဆေးဆက်မကုသနိုင်မှာကို စိုးရိမ်နေကြပါတယ်။
တွဲလက်ညီ လူမှုကယ်ဆယ်ရေးအဖွဲ့မှ ကိုအဓိပတိ “ကလေး မိသားစုဝင်ကတော့ မိခင်က ပတ်စ်ပို့ အထောက်အထား မရှိတဲ့အတွက်ကျ အလုပ်မရှိဘူး။ အလုပ်မရှိတော့ ကလေးမွေးပြီးကတည်းက အလုပ်မလုပ်ရဘူး။ ဖခင်ရဲ့ အလုပ်နဲ့ လုပ်ကိုင်စားသောက် နေကြတာပေါ့။ ကလေးရဲ့ ကုန်ကျစရိတ်ကတော့ အနည်းဆုံး ဘတ် ၁ သိန်းဝန်းကျင်မှာ ကုန်ကျနိုင်ပါတယ်။ ကလေးမှာ အဓိက လိုအပ်နေတာကတော့ ဆေးရုံဆင်းတဲ့ စရိတ်ပေါ့။ အဲဒါ အများကြီး လိုနေပါတယ်။ ကလေးအတွက် ကျနော်တို့ အသင်းအဖွဲ့ကနေ ကူညီပေးတာ မလုံလောက်ဘူးဆိုရင် ဘေးပတ်ဝန်းကျင်မှာရှိတဲ့ ထိုင်းရောက် မြန်မာလုပ်သားတွေလည်း ဝိုင်းဝန်း ကူညီပေးကြပါဦးလို့ မေတ္တာရပ်ခံပါတယ်” လို့ ပြောပါတယ်။
ကလေးဟာ ဆူဖန်ဘူရီ ခရိုင်ထဲက မြန်မာတွေ အခေါ် “ဘန်လိ” ဆေးရုံမှာ တက်ရောက် ကုသနေတာပါ။ ကလေးအတွက် လိုအပ်တဲ့ အကူညီတွေ လုပ်ဆောင်ပေးဖို့ ထိုင်းရောက် မြန်မာ အလုပ်သမားအရေး ကူညီပေးသူတွေကလည်း ဝိုင်းဝန်း ကူညီပေးနေကြပါတယ်။
ကူညီပေးနေသူ ကိုဖြိုးပိုင်က “ထိုင်းမှာ လူမှုဖူလုံရေးကတ်ဆိုပြီးတော့ ပကန်စခွန် ရှိတယ်။ ပကန်စခွန်လည်း ဖြတ်နေတယ်။ ကလေးကလည်း ထိုင်းမှာ မွေးထားတာ။ မွေးစာရင်းလည်း ရှိတယ်။ ကလေးအဖေမှာ ရှိတဲ့ ပကန်စခွန်းနဲ့ အဲ့ ၃၀ ဘတ်လို့ ခေါ်တယ်။ ကလေး ဘာပဲဖြစ်ဖြစ် ဆေးရုံမှာ သွားကုရင် ၃၀ ဘတ် လုပ်ထားရင် ၃၀ ဘတ်ပဲ ကုန်တယ်။ အဲဒါ လုပ်မထားဘူး။ စက်ရုံဘက်ကလည်း လုပ်မထားပေးဘူး ထင်တယ်။ အခုက အဲဒါ လုပ်မထားတော့ ဒုက္ခတွေ ရောက်တာပေါ့” လို့ ပြောပါတယ်။
ကလေးကို မိဘတွေက ထိုင်းမှာ မွေးဖွားပြီး၊ ကလေးငယ်မှာ မွေးစာရင်း ရှိတာကြောင့် ကလေးအတွက် ဖခင်ဖြစ်သူရဲ့ လူမှုဖူလုံရေးကတ် ဘတ် ၃၀ တန်နဲ့ ဆေးကုသခွင့်ရဖို့ မျှော်လင့်တယ်လို့လည်း ကလေးမိဘတွေကို ကူညီပေးနေသူတွေက ပြောပါတယ်။