Home
နိုင်ငံတကာ
ထိုင်းတွင် လုပ်သားပြတ်လပ်မှုဖြေရှင်းရန် နည်းလမ်းသစ်စတင်
DVB
·
August 9, 2025

ထိုင်းနိုင်ငံမှာ ဩဂုတ် ၈ ရက်နေ့က ကျင်းပခဲ့တဲ့ နိုင်ငံခြားသားများအလုပ်သမားမူဝါဒ ကော်မတီ အစည်းအဝေးမှာ ထိုင်းအလုပ်သမားဝန်ကြီးဌာနအနေနဲ့ နိုင်ငံမှာ အလုပ်သမားပြတ်လပ်နေတဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းအသစ်တွေ စတင်လုပ်ဆောင်နေပြီလို့ ပြောပါတယ်။

လက်ရှိမှာ လုပ်ငန်းရှင်တွေဆီကနေ နိုင်ငံခြားသား အလုပ်သမား အရေအတွက် ဘယ်လောက် လိုအပ်တယ်ဆိုတာကို စတင် စာရင်းကောက်နေပြီး၊ အဲဒီ အချက်အလက်တွေ ရရင်တော့ အလုပ်သမားအသစ် ၄၂,၀၀၀ နီးပါးကို လက်ခံနိုင်ဖို့ ခန့်မှန်းထားကြောင်း ထိုင်းအလုပ်သမားဝန်ကြီး ဖုံကဝင်က ပြောပါတယ်။

ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံနယ်စပ် ပဋိပက္ခ ပြဿနာတွေကြောင့် ကမ္ဘောဒီးယား အလုပ်သမားတွေ အလုံးအရင်း ထိုင်းနိုင်ငံကနေ ထွက်ခွာကာ နေရပ်ပြန်သွားကြပြီးနောက် လုပ်သားပြတ်လပ်မှု ပြဿနာကို ထိုင်းက ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေတွေကြောင့် ထိုင်းမှာ ထုတ်လုပ်မှု၊ ဝန်ဆောင်မှုနဲ့ စိုက်ပျိုးရေး စတဲ့ ကဏ္ဍပေါင်းစုံမှာ အလုပ်သမား မလုံလောက်မှု အကျိုးဆက် ဖြစ်ပေါ်နေတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

အစည်းအဝေးအတွင်း လက်ရှိထိုင်းနိုင်ငံမှာ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံသား နေထိုင်နေပေမဲ့ တရားဝင် အလုပ်ခွင့်မရှိသေးသူများကို တရားဝင် အလုပ်လုပ်ကိုင်ဖို့ စည်းမျဥ်း စည်းကမ်းတွေ သတ်မှတ်ဖို့ကိုလည်း အတည်ပြုခဲ့ပါတယ်။

ဒါ့အပြင် သီရိလင်္ကာကနေ MoU အလုပ်သမား ခေါ်ယူဖို့ ထိုင်းအလုပ်သမားရေးရာဝန်ကြီးဌာနက အတည်ပြုခဲ့ပြီး၊ အလုပ်သမား ၁၀,၀၀၀ ခန့် ခေါ်ယူဖို့ စီစဉ်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024