
ထိုင်းနိုင်ငံအလယ်ပိုင်း၊ ရာ့ချ်ပူရီခရိုင်ထဲမှာ ပြီးခဲ့တဲ့လကုန်ပိုင်းက မြန်မာရွှေ့ပြောင်းလုပ်သား ဇနီးမောင်နှံကို အုပ်စုဖွဲ့ ဝိုင်းဝန်းရိုက်နှက်သူ ၄ ယောက်ကို ဖမ်းဆီးရမိပြီလို့ သက်ဆိုင်ရာရဲစခန်းက ထုတ်ပြန်ပါတယ်။
ရာ့ချ်ပူရီခရိုင် ဖိုးထားရမ်းမြို့ ဘန့်ခေါင့်ရပ်ကွက်ထဲမှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်ည ၁၁ နာရီခွဲလောက်က မြန်မာရွှေ့ပြောင်းလုပ်သား ကိုတင်ကိုဝင်းနဲ့ မအေးသန္တာဝင်းတို့ ဇနီးမောင်နှံအား အုပ်စုဖွဲ့ဝိုင်းရိုက်ခဲ့သူ ၄ ယောက်ကို ဖမ်းဆီးရမိပြီလို့ ဖိုးထားရမ်းနယ်မြေရဲစခန်းက ထုတ်ပြန်ပါတယ်။
ဖမ်းဆီးရမိသူ ၄ ယောက်နဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ သတင်းမှာ ဖော်ပြခြင်းမရှိပါဘူး။
အခင်းဖြစ်တာ တပတ်နီးပါးကြာပြီဖြစ်ပေမဲ့ တရားခံကို ဖမ်းလို့မမိသေးကြောင်း အရိုက်ခံရတဲ့ ကာယကံရှင်တွေက ထိုင်းသတင်းမီဒီယာတွေကို တိုင်ကြားတာမှာ ဩဂုတ် ၄ ရက် မွန်းလွဲပိုင်းမှာတော့ တရားခံတွေ ဖမ်းမိပြီလို့ ရဲစခန်းက ထုတ်ပြန်တာပါ။
ရဲတပ်ဖွဲ့တာဝန်ရှိသူတွေဟာ စီစီကင်မရာတွေကို ပြန်လည်စစ်ဆေးကြည့်ရှုပြီး တရားခံ ၄ ယောက်ဟာ ဟိုင်းလပ်စ်ကား ၁ စီးနဲ့ ဆိုင်ကယ် ၁ စီး စီးလာပြီး ပြစ်မှုကျူးလွန်တာ ဖြစ်တယ်၊ သူတို့ရှိတဲ့နေရာနောက် ခြေရာခံလိုက်တယ်၊ အဲဒါကို သိသွားတဲ့နောက် တရားခံ ၄ ယောက်ဟာ ရဲစခန်းမှာ လာရောက်အဖမ်းခံတယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့က သူတို့ ၄ ယောက်ကို ပြစ်မှုကျူးလွန်စဉ် အသုံးပြုခဲ့တဲ့ ကားနဲ့ ဆိုင်ကယ်၊ အဝတ်အစား၊ ဘေ့စ်ဘောရိုက်တံတွေကိုပါ သက်သေအဖြစ် သိမ်းဆည်းခဲ့တယ်။
အရိုက်ခံရသူ အေးသန္တာဝင်းဟာ ပြီးခဲ့တဲ့လက သူ့သူငယ်ချင်း မြန်မာတယောက်နဲ့ စကားများပြီး ရိုက်နှက်ခဲ့တယ်၊ အဲဒါကို မကျေနပ်တာကြောင့် ထိုင်းသူငယ်ချင်းတွေခေါ်ပြီး ဝိုင်းရိုက်ခဲ့တယ်လို့ ကျူးလွန်သူက ဝန်ခံသွားကြောင်း ရဲစခန်းက ပြောပါတယ်။
မြန်မာဇနီးမောင်နှံဟာ အခင်းဖြစ်တဲ့ညက ဆိုင်ကယ်စီးပြီး လမ်းထိပ်ထွက်လာစဉ် လမ်းမှာ မျက်နှာဖုံးစွပ် လူ ၄ ယောက်ရဲ့ ဝိုင်းဝန်းရိုက်နှက်တာခံရလို့ အမျိုးသမီးမှာ ပါးရိုးကျိုးသွားပြီး ဆေးရုံမှာ အတွင်းလူနာအဖြစ်ကုသနေရသလို အမျိုးသားဟာလည်း ဒဏ်ရာရသွားခဲ့ပါတယ်။
Source : ဖိုးထားရမ်းနယ်မြေ ရဲတပ်ဖွဲ့