
ထိုင်းနိုင်ငံထဲကို အလည်အပတ်ဗီဇာနဲ့ ဝင်ရောက်လာပြီး ပစ္စည်းခိုးမှု၊ ဖောက်ထွင်းမှုတွေ ကျူးလွန်တဲ့ တရုတ်နိုင်ငံသား ၄ ယောက်ကို ဖမ်းဆီးရမိတယ်လို့ CIB ထိုင်းဗဟိုရဲတပ်ဖွဲ့က ဩဂုတ် ၅ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
ဒီမတိုင်ခင်ဇူလိုင် ၃၀ ရက်က နွန်ထပူရီခရိုင်၊ ပါကလေနယ်မြေရှိ နေအိမ်တလုံးမှာ နေထိုင်တဲ့ အသက် ၄၉ နှစ်ရွယ်ရှိ မစ္စဂျူလီဆိုသူ ကနေဒါအမျိုးသမီးတယောက်ဟာ သူခရီးသွားနေစဉ် နေအိမ်ဖောက်ထွင်းခံရတယ်လို့ ရဲစခန်းမှာ တိုင်ကြားခဲ့ကြောင်း တာဝန်ရှိ ရဲမှူးကြီး ဝွန်းချတ်ဆိုင်ခမ်းက ပြောပါတယ်။
သူဟာ ဇူလိုင် ၂၀ ရက်မှ ၃၀ ရက်အထိ ထိုင်းတောင်ပိုင်း၊ ကော်စမွီဘက်ကို ခရီးသွားနေစဉ် နေအိမ်ဖောက်ထွင်းခံရပြီး ဘတ် ၁၆ သိန်းကျော် တန်ဖိုးရှိ လက်ကောက်၊ နားကပ်၊ လည်ဆွဲ၊ နာရီ စတဲ့ လက်ဝတ်လက်စားနဲ့ အရေးကြီးစာရွက်စာတမ်းတွေ ပါသွားတယ်လို့ ဆိုပါတယ်။
ရဲတွေက စီစီတီဗွီ ကင်မရာကို ပြန်လည်စစ်ဆေးတာမှာ လူဆိုးတွေဟာ ဦးထုပ်နဲ့ မျက်နှာဖုံးတွေ တပ်ထားပြီး ခြံစည်းရိုးကို ခုန်ကျော်ကာ အိမ်ထဲ ဖောက်ထွင်းဝင်ရောက်ပုံ၊ အိမ်ထဲက အဖိုးတန်ပစ္စည်းတွေ မွှေနှောက်ရှာဖွေပြီး မီးခံသေတ္တာထုခွဲကာ ပစ္စည်းတွေယူသွားပုံ၊ အဲဒီနောက် ဆိုင်ကယ်နဲ့ ပြန်ထွက်သွားပုံတွေ တွေ့ရပါတယ်။
သူတို့ထွက်သွားရာလမ်းကြောင်းတွေ လိုက်လံစစ်ဆေးကြည့်ရှုပြီးတဲ့နောက် ဘန်ကောက်၊ လတ်ကဘန်းနယ်မြေ၊ ခလောင်းဆောင်တွန့်နွန့်ရပ်ကွက်၊ ဖတ်ဆွန်အိမ်ရာထဲက နေအိမ်တလုံးကို ဩဂုတ် ၃ ရက်က သွားရောက်စစ်ဆေးပြီး တရားခံ ၄ ယောက်ကို ခိုးရာပါပစ္စည်း၊ ဖောက်ထွင်းမှု ကျူးလွန်ရာမှာ အသုံးပြုတဲ့ ဆိုင်ကယ် ၃ စီး၊ လက်အိတ်၊ မျက်နှာဖုံးစွပ်၊ ကျူးလွန်တဲ့ညက ဝတ်ခဲ့တဲ့ အဝတ်အစား၊ လက်ကိုင်ဖုံး ၈ လုံး၊ ထိုင်းနဲ့ နိုင်ငံခြားငွေစက္ကူတွေ၊ TAG Heuer အမျိုးအစား တန်ဖိုးကြီးနာရီ ၂ လုံး စတာတွေ သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
ခိုးမှု၊ ဖောက်ထွင်းမှု ကျူးလွန်သူတွေမှာ လျူ(၃၅ နှစ်)၊ ယာ (၅၀ နှစ်)၊ လီ (၃၄ နှစ်) နဲ့ ဝေ (၃၇ နှစ်) စတဲ့ တရုတ်နိုင်ငံသား ၄ ယောက်ဖြစ်ပြီး ထိုင်းနိုင်ငံထဲကို အလည်အပတ်ဗီဇာနဲ့ ဝင်ရောက်လာတယ်၊ အရင်ကလည်း မကြာခဏ အဝင်အထွက်ရှိတယ်၊ တခြားအိမ်တွေကိုလည်း ဖောက်ထွင်းမှုတွေ ကျူးလွန်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အဆိုပါနေအိမ်ကနေ အထောက်အထားမဲ့ နေထိုင်တဲ့ တရုတ်နိုင်ငံသား တယောက်ကိုလည်း ဖမ်းဆီးရမိတယ်လို့ ပြောပါတယ်။
တာဝန်ရှိသူတွေက သူတို့ကို ခိုးမှု၊ ဖောက်ထွင်းမှုတွေနဲ့ အရေးယူပြီးရင် ဗီဇာဖျက်သိမ်းကာ ပြည်နှင်ဒဏ် ပေးသွားမယ်လို့ တာဝန်ရှိရဲမှူးကြီးက ပြောပါတယ်။
Source: Siamrath / CH7HD News