Home
မြန်မာသတင်း
ထိုင်းတွင် မြန်မာရွှေ့ပြောင်းလုပ်သားဇနီးမောင်နှံကို လူ ၄ ဦးက ဝိုင်းဝန်းရိုက်နှက် 
DVB
·
August 4, 2025
Photo: MGR Online

ထိုင်းနိုင်ငံအလယ်ပိုင်း၊ ရာ့ချ်ပူရီခရိုင်ထဲက မြန်မာရွှေ့ပြောင်းအလုပ်သမားစုံတွဲဟာ အမည်မသိလူ ၄ ယောက်ရဲ့ ဝိုင်းဝန်းရိုက်နှက်တာ ခံခဲ့ရတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ရာ့ချ်ပူရီခရိုင်၊ ဖိုးထားရမ်းမြို့၊ ဘန့်ခွင့်ရပ်ကွက်နေ အေးသန္တာဝင်း (၃၁ နှစ်) နဲ့ တင်ကိုဝင်း (၃၁ နှစ်) တို့စုံတွဲဟာ ဇူလိုင် ၂၉ ရက် ညသန်းခေါင်ယံအချိန်က သူတို့နေတဲ့ အဆောင်ကနေ ဆိုင်ကယ်စီးပြီး ထွက်လာစဉ် လမ်းထိပ်ရောက်ခါနီးအလိုမှာ ဦးထုပ်ဆောင်းပြီး၊ မျက်နှာဖုံးတပ်ထားတဲ့ လူ ၄ ယောက်က ဝိုင်းဝန်းပိတ်ဆို့ ထိုးကြိတ်ရိုက်နှက်တာလို့ ကာယကံရှင်က ထိုင်း သတင်းထောက်ကို ပြောပါတယ်။ 

မအေးသန္တာဝင်းက  “လူမှားနေတယ် မလုပ်ပါနဲ့” လို့ လက်အုပ်ချီ တောင်းပန်ပေမဲ့ တဘက်က နားမထောင်ဘဲ လက်သီးနဲ့ထိုးတယ်၊ တုတ်နဲ့ရိုက်တယ်၊ ခြေထောက်နဲ့ကန်တယ်။ ပြီးမှ ပြန်ထွက်သွားကြတယ်”လို့ ဆိုပါတယ်။

လင်မယားနှစ်ယောက်လုံး ဒဏ်ရာရတယ်၊ မိန်းမက ပါးရိုးပါ ထိသွားပြီး ဒဏ်ရာပိုပြင်းတာကြောင့် ယောကျ်ားဖြစ်သူက မိန်းမကို ဆေးရုံအရင်ပို့ပြီး ဖိုးထားရမ်းနယ်မြေရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ပြောပါတယ်။ 

ရဲစခန်းက စီစီတီဗွီကင်မရာဖွင့်ပြီး ဘယ်သူနဲ့ ရန်ငြိုးရန်စဖြစ်ဖူးလဲလို့ မေးတယ်၊ သူတို့လင်မယားက ထိုင်းမှာ အလုပ်လာလုပ်တာ ၆ နှစ်ရှိပြီး  ဘယ်သူနဲ့မှ ကြီးကြီးမားမား ပြဿနာမတက်ဖူးဘူး၊  တဆောင်တည်း အတူငှါးနေတဲ့ အလုပ်သမားတယောက်နဲ့တော့ ဆိုင်ကယ်ရပ်တဲ့ နေရာနဲ့ ပတ်သက်ပြီး ကတောက်ကဆ အနည်းငယ်ဖြစ်ဖူးတယ်၊ အဲဒီတုန်းက ရဲတိုင်တာ အမှုဖွင့်တာ ဘာမှမလုပ်ခဲ့ဘူးလို့  ပြောပါတယ်။

ရဲစခန်းက အဲဒီပြဿနာဖြစ်ဖူးတယ်ဆိုတဲ့ တယောက်ကို ခေါ်ယူစစ်ဆေးတာမှာ ထိုသူကတော့ အခင်းဖြစ်ပွားချိန် အလုပ်ဆင်းနေပြီး အဲဒီအမှု သူနဲ့ဘာမှမသက်ဆိုင်ဘူးလို့  ထွက်ဆိုထားပါတယ်။ 

အဲဒီကတည်းက တရားခံကိုလည်း ဖမ်းလို့မမိ၊ အမှုအခြေအနေ ဘာမှထူးခြားလာတာ မရှိတာကြောင့် အပြစ်ရှိသူကို ရှာဖွေအပြစ်ပေးဖို့အတွက် သတင်းမီဒီယာတွေကို ဆက်သွယ်အကူအညီတောင်းရတာလို့ ကာယကံရှင်က ပြောကြောင်း မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

 Source: MGR Online /  Siamrarth News

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013