Home
နိုင်ငံတကာ
ကမ္ဘောဒီးယားနှင့် ထိုင်းနယ်စပ် တိုက်ပွဲကြောင့် ဆင်များနှင့် ခရီးသွားလုပ်ငန်းထိခိုက်  
DVB
·
August 4, 2025
Photo: Reuters

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်မှာ တိုက်ပွဲတွေ ခဏရပ်ထားပေမဲ့ ထိုင်းနိုင်ငံ ဆူရင်ခရိုင်မှာ ဂယက်ရိုက်တာတွေ ဆက်ဖြစ်နေလို့ ဆင်တွေနဲ့ ဒေသတွင်း ခရီးသွားလုပ်ငန်းတွေဟာ မတည်ငြိမ်မှုဒဏ်ကို ခံနေရပါတယ်။

နယ်စပ်အငြင်းပွားမှုတွေအတွင်း နှစ်နိုင်ငံ စစ်သားတွေ အပြန်အလှန် ပစ်ခတ်ကြလို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က တိုက်ပွဲတွေကြောင့် သေဆုံးသူ အယောက် ၃၀ ကျော်ခဲ့ပါတယ်။

လူပေါင်း တသိန်းကျော်ကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းခဲ့ရပြီး နောက်ဆုံးမှာ “ချက်ချင်း ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေး” ဆိုင်ရာ သဘောတူညီချက် တရပ်ကို ရခဲ့ပါတယ်။

တင်းမာတဲ့ တိုက်ပွဲတွေအပြီး မလေးရှားနိုင်ငံမှာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၊ ထိုင်းဝန်ကြီးချုပ် ဖွန်ထမ်ဝေချယားချိုင်းတို့ကို မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က အိမ်ရှင်အဖြစ် လက်ခံကျင်းပ ညှိနှိုင်းပေးအပြီး အပစ်အခတ်ရပ်စဲရေးက ၂၀၂၅ ခုနှစ် ဇူလိုင် ၂၈ ရက်ညမှာ အသက်ဝင်ခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲထားပေမဲ့ ပဋိပက္ခက အထူးသဖြင့် ဒေသတွင်းက အထင်ကရ ဆင်တွေပေါ်ကို အကျိုးသက်ရောက်ခဲ့ပါတယ်။

ဆင်ဦးစီး ချတ်ထရီဆာလန်ဂမ်က “အသံနဲ့ တုန်ခါမှုတို့ကို ခံနိုင်ရည်ရှိတဲ့ နူးညံ့သိမ်မွေ့တဲ့ ဆင်ကြီးတွေဟာ ထပ်ခါတလဲလဲ အမြောက်ပေါက်ကွဲသံတွေနဲ့ စစ်ကားတွေရဲ့ အသံဗလံတွေကို ခံစားခဲ့ရကာ ပေါက်ကွဲမှုတွေ နီးကပ်လာချိန်မှာ ဆင်မကြီးဟာ တုန်လှုပ်သွားခဲ့ပြီး ငိုကြွေးခဲ့ပါတယ်။ လူသားတွေလို တုံ့ပြန်ခဲ့ပါတယ်” လို့ ပြောပါတယ်။

ထိုင်းနိုင်ငံတဝန်းမှာ "ဆင်တွေရဲ့မြေ" လို့ လူသိများတဲ့ ဆူရင်ခရိုင်ဟာ နူးညံ့သိမ်မွေ့တဲ့ သတ္တဝါတွေရဲ့ ပတ်ဝန်းကျင်မှာ မျိုးဆက်ပေါင်းများစွာက ဒီအမှတ်အသားကို တည်ဆောက်ခဲ့တာပါ။

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးရုံးက လက်ထောက်ဖြစ်သူ ဝါရာပေါ့ဆန်ဒီးက “ဆင်တွေဟာ ဆူရင်ခရိုင်ရဲ့ ခရီးသွားလုပ်ငန်းကို ဆွဲဆောင်တဲ့ အားထားရာဖြစ်ပြီး ကမ္ဘာတဝန်းမှာ လူသိများပါတယ်။ ဆူရင်မှာရှိတဲ့ ပွဲတော်တွေနဲ့ ပွဲတွေ အားလုံးမှာ ဆင်တွေ ပါတယ်။ ကျနော်တို့မှာ ကမ္ဘာပေါ်မှာ ဖမ်းထားတဲ့ ဆင်ကောင်ရေ အများဆုံး ရှိပါတယ်၊ အဲဒါက ထူးခြားပြီး အရေးပါတဲ့ ဆွဲဆောင်မှုတခုပါ” လို့ ပြောပါတယ်။

ယဉ်ကျေးမှုဆိုင်ရာ အရေးပါမှုအပြင် ဆင်တွေဟာ ဆူရင်စီးပွားရေးရဲ့ မဏ္ဍိုင်တရပ်ပါ။ ဆင်စခန်းတွေ၊ ဆင်စီးတာနဲ့  ဖျော်ဖြေပွဲတွေကို ဗဟိုပြုတဲ့ ယဉ်ကျေးမှု အခြေပြု ခရီးသွားလုပ်ငန်းဟာ ဒေသခံထောင်ပေါင်းများစွာရဲ့ မိသားစုတွေကို ထောက်ပံ့ပေးပါတယ်။

အခုအခါ ဒေသတွင်း မတည်မငြိမ် ဖြစ်နေတယ်လို့ ယူဆလို့ ခရီးသွားလုပ်ငန်း ပျောက်ကွယ်သွားခဲ့ပါတယ်။

“ဒါက ဒေသခံတွေရဲ့ ၀င်ငွေ၊ အထူးသဖြင့် ရွာသားတွေရဲ့ ဝင်ငွေကို ထိခိုက်စေတယ်။ ဘေးကင်းရေး စိုးရိမ်မှုတွေကြောင့် ခရီးသွားတွေ တော်တော်များများ သူတို့ရဲ့ ခရီးစဉ်တွေကို ဖျက်သိမ်းလိုက်ကြတဲ့အတွက် ခရီးသွားအရေအတွက် လျော့ကျသွားတယ်”လို့ ဝါရာပေါ့ ဆန်ဒီးက ပြောပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013