
ထိုင်း-ကမ္ဘောဒီးယား နယ်မြေအငြင်းပွါးမှုတိုက်ပွဲမှာ ထိုင်းစစ်တပ်ဘက်က ထိန်းသိမ်းထားတဲ့ ကမ္ဘောဒီးယားစစ်သည် အယောက် ၂၀ အနက် ၂ ယောက်ကို ဩဂုတ် ၁ ရက် ဒီကနေ့မနက်ပိုင်းက နေရပ်ပြန်ပို့ပေးလိုက်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
နှစ်နိုင်ငံ လဝကနဲ့ နယ်စပ်လုံခြုံရေးတာဝန်ရှိသူတွေညှိနှိုင်းပြီး ဒီမနက် ၁၀ နာရီ ၅၅ မိနစ်က စူရင်းခရိုင် ချောင့်ကျွမ်းဂိတ်ကနေ ကမ္ဘောဒီးယားဘက်ကို ပြန်လည်လွှဲပြောင်းခဲ့တယ်။ သူတို့ဆီကလည်း နောက်ထပ်ထိုင်းနိုင်ငံကို တိုက်ခိုက်တဲ့ထဲ မပါဝင်တော့ဘူးဆိုတဲ့ ကတိကဝတ်နဲ့ ပြန်လွှတ်ပေးလိုက်တယ်လို့ ထိုင်းတာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။
အဆိုပါ စစ်သည် ၂ ယောက်ဟာ စိတ်ပိုင်းဆိုင်ရာ ဝေဒနာဖြစ်နေတဲ့ တပ်ကြပ်ကြီး- မွမ်ရတ်သီနဲ့ နောက်ထပ် ဗိုလ်ကြီးအန်အိန်ကတော့ လက်ကျိုးနေတဲ့ အပြင် တင်ပါးမှာ ကျည်ဖောက် ဝင်ဒဏ်ရာရထားတယ်၊ ထိုင်းဘက်က လူသားချင်းထောက်ထားစာနာစွာ ဒဏ်ရာတွေကုသပေးပြီးမှ ပြန်လွှတ်ပေးလိုက်တာလို့ ဆိုပါတယ်။
ထိုင်းကာကွယ်ရေးဝန်ကြီး နိုင်းနာ့ဿ်ဖုန်း နာ့ဖားနစ်ကက “ဇူလိုင် ၂၄ မှ ၂၉ ထိ ဖြစ်ပွါးတဲ့ တိုက်ပွဲတွေအတွင်း ကမ္ဘောဒီးယားစစ်သည် အယောက် ၂၀ ကို ထိန်းသိမ်းခဲ့တယ်။ သူတို့တွေဟာ ကမ္ဘောဒီးယားဘက်က စွပ်စွဲသလို သေနတ်နဲ့တေ့ပြီး ဖမ်းဆီး ခေါ်ဆောင်ခံရတာမဟုတ်ဘဲ ကျည်ဆန်ကုန်ပြီး ထွက်ပေါက်ပိတ်နေတဲ့အတွက် အလံဖြူ ထောင်လို့ ခေါ်ယူထိန်းသိမ်းထားတာ ဖြစ်တယ်၊ ထိန်းသိမ်းထားစဉ် နှိပ်စက်ညှဉ်းပန်းတာမရှိဘဲ ဂျနီဗာကွန်ဗန်းရှင်းနဲ့အညီ လူသားချင်းထောက်ထားစာနာမှုပေးထားတယ်၊ အားလုံးကို ပြန်မလွှတ်သေးတာ ကျန်တဲ့သူတွေကို သက်သေအဖြစ် စစ်ဆေးမေးမြန်းစရာရှိသေးလို့ဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီးဗိုလ်မှူးချုပ် မာလီ ဆိုကျေးဒါးက လည်း စစ်သည် ၂ ယောက် အမိမြေကို ဘေးကင်းစွာပြန်လည်ရောက်ရှိကြောင်း၊ ကျန်ရှိနေသေးတဲ့ စစ်သည်တွေကိုလည်း အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုတယ်၊ မလေးရှားနိုင်ငံအနေနဲ့ ထိုင်း ဘက်ကို ဖိအားပေးဖို့ တောင်းဆိုတယ်၊ ကမ္ဘောဒီးယားဘက်က ပြဿနာတွေကို ဆွေးနွေး ညှိနှိုင်းနည်းနဲ့ ဖြေရှင်းသွားမယ်လို့ ပြောပါတယ်။
Source : ThaiPBS News / Today News