Home
နိုင်ငံတကာ
ထိုင်းတွင် မီးရှူးမီးပန်းအလုပ်ရုံပေါက်ကွဲ၊ ကိုယ်ဝန်ဆောင်အပါအဝင် ၉ ဦးသေဆုံး
DVB
·
July 31, 2025
Source: Matichon News

ထိုင်းနိုင်ငံအလယ်ပိုင်း၊ ဆုဖန်းပူးရီးခရိုင်မှာ ဇူလိုင် ၃၀ ရက် မနက်ပိုင်းက မီးရှူးမီးပန်း လုပ်ရောင်းတဲ့ အလုပ်ရုံမှာ ပေါက်ကွဲမှုဖြစ်ပြီး ကိုယ်ဝန်အရင့်အမာနဲ့ အမျိုးသမီးတယောက် အပါအဝင် ၉ ယောက် သေဆုံးကာ ပိုင်ရှင်ဖြစ်သူ ဒဏ်ရာအပြင်းအထန်ရသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဆုဖန်းပူးရီးမြို့၊ ဘန့်ဖိုးထိအုပ်စု၊ ဖိုးထိထာ့ဆိုင်းရပ်ကွက်ထဲမှာ မနက် ၁၁ နာရီလောက်က ပေါက်ကွဲမှု ဖြစ်ပွားကြောင်း အကြောင်းကြားချက်ရတာကြောင့် အရေးပေါ် လူနာတင်ယာဉ်တွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆုဖန်းပူးရီးနယ်မြေရဲတပ်ဖွဲ့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။

အခင်းဖြစ်ပွားတဲ့နေရာမှာ  အဆောက်အအုံ ၃ လုံး ပေါက်ကွဲဒဏ်ရာတွေနဲ့ အကုန်ပျက်စီးပြီး ထုပ်တန်း သံတိုင်တွေသာ ကျန်ရစ်တယ်၊ အဆောက်အအုံဘေးမှာ ရပ်ထားတဲ့ ကားတစီးလည်း ရစရာမရှိအောင် ပျက်စီးတယ်၊ လူ့ကိုယ်ခန္ဓာ အပိုင်းအပြတ်တွေ တချို့က အနီးနားရှိ လယ်ကွင်းထဲထိ လွင့်စဉ်သွားတယ်၊ စစ်ဆေးချက်အရ အဲဒီနေရာမှာတင် ၉ ယောက် သေဆုံးတယ်၊ အားလုံး အမျိုးသမီးတွေချည်းဖြစ်ပြီး ၈ လသားကို ကိုယ်ဝန်ဆောင်ထားတဲ့ အမျိုးသမီးတယောက်၊ ဆယ်ကျော်သက် မိန်းကလေးတယောက် ပါဝင်တယ်လို့ ဆိုပါတယ်။

ပေါက်ကွဲမှုဟာ မီးရှူးမီးပန်းတွေ လုပ်ရောင်းနေတဲ့ အိမ်တလုံးက စဖြစ်တာဖြစ်ပြီး အိမ်ရှင်ဖြစ်သူ နန်းနန်ထနာ (အသက် ၄၈ နှစ်) ဆိုသူမှာ တကိုယ်လုံး အရေပြားလန်ထွက်နေတဲ့ ဒဏ်ရာနဲ့ ပြေးထွက်လာပြီး အိမ်နီးချင်းတွေကို အကူအညီတောင်းခဲ့တယ်၊။ သူ့နားတွေလည်း အူနေပြီး ဒဏ်ရာပြင်းတာကြောင့် ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘာမှ ထွက်ဆိုခြင်း မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

သေဆုံးသူအများစုဟာ အဲဒီမီးရှူးမီးပန်းအလုပ်ရုံက အလုပ်သမတွေ ဖြစ်တယ်၊ အန္တရာယ်များမှန်း သိပေမဲ့ နေ့တွက်လုပ်အားခ ဘတ် ၄၀၀ မှ ၆၀၀ ထိ ရရှိတာကြောင့် ဝင်လုပ်ကြတယ်၊ အလုပ်ရုံမှာ လူစိမ်းအဝင်မခံဘူး၊ ခွေးဆိုးတွေ မွေးထားတယ်လို့ တရပ်ကွက်တည်းနေသူတယောက်က သတင်းထောက်ကို ပြောပါတယ်။

EDO မိုင်းရှင်းရေးတပ်ဖွဲ့ တာဝန်ရှိသူတွေဟာ အဆိုပါနေရာကနေ ကယ်မီကယ်လ်ဓာတုဓာတ် ဖြည့်ထားတဲ့ အိုး ၂ လုံးကိုပါ တွေ့ရှိခဲ့တယ်၊ ပေါက်ကွဲမှုဖြစ်စဉ်ကို စုံစမ်းနေဆဲဖြစ်ပြီး သေချာတာကတော့ အဲဒီအလုပ်ရုံဟာ တရားမဝင် လုပ်ဆောင်နေတာလို့ ဆိုပါတယ်။

ဆုဖန်းပူးရီးခရိုင်ဝန် ခွန်ဝိရိယကလည်း အဲဒီနေရာကို လာရောက်စစ်ဆေးပြီး ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၉ ယောက်၊ ဒဏ်ရာပြင်းထန်သူ တယောက်ရှိကြောင်း၊ အဆောက်အအုံ ၃ လုံး ပျက်စီးကြောင်း၊ သူတို့ဟာ မီးရှူးမီးပန်းတွေကို စက်နဲ့မလုပ်ဘဲ လူအားနဲ့လုပ်တယ်၊ အန္တရာယ်ရှိ လုပ်ငန်းဖြစ်လို့ သက်ဆိုင်ရာက အရင်က ဟန့်တားခဲ့ပေမဲ့ မလိုက်နာဘဲ ဆက်လုပ်နေတယ်၊ တရားဝင်လုပ်ငန်းလိုင်စင် မရှိဘူးလို့ သတင်းထောက်တွေကို ပြောသွားပါတယ်။

Source: Nation TV / Matichon News

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013