Home
နိုင်ငံတကာ
ထိုင်း-ကမ္ဘောဒီးယား တပ်မှူးများ တွေ့ဆုံဆွေးနွေး၊ အပစ်ရပ် ထိန်းသိမ်းရန်သဘောတူ
DVB
·
July 29, 2025
Photo: REUTERS / ROYAL THAI ARMY HANDOUT

အပစ်အခတ်ရပ်စဲမှု ချိုးဖောက်တယ်လို့ စွပ်စွဲချက်တွေ ထွက်ပေါ်လာခဲ့ပေမဲ့ ဇူလိုင် ၂၉ ရက်နေ့မှာ ထိုင်းနဲ့ ကမ္ဘောဒီးယားတပ်မှူးတွေ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အပစ်အခတ်ရပ်စဲမှုကို ထိန်းသိမ်းဖို့ သဘောတူညီနိုင်ခဲ့ပါတယ်။

မူလက မနက် ၇ နာရီမှာ တွေ့ဆုံဖို့ စီစဉ်ခဲ့ပေမဲ့ အပစ်ရပ်ချိုးဖောက်တယ်လို့ သတင်းတွေ ထွက်လာခဲ့အပြီးမှာ အချိန်နောက်ဆုတ်ခဲ့ရတာ ဖြစ်ပါတယ်။

အင်္ဂါနေ့အစောပိုင်းမှာ ကမ္ဘောဒီးယားတပ်တွေက နေရာ ၅ နေရာထက်မနည်းမှာ တိုက်ခိုက်ခဲ့တယ်လို့ ထိုင်းစစ်တပ်က စွပ်စွဲခဲ့ပြီး ကမ္ဘောဒီးယားဘက်က ငြင်းဆိုခဲ့ပါတယ်။

ကမ္ဘောဒီးယားနဲ့ ထိစပ်နေပြီး တိုက်ပွဲဖြစ်ခဲ့တဲ့ နယ်စပ်တလျှောက် ကွပ်ကဲရတဲ့ ထိုင်းအမှတ် ၂ စစ်တိုင်းမှူးနဲ့ ကမ္ဘောဒီးယားဘက်က အလားတူ စစ်ဘက်ဆိုင်ရာ အကြီးအကဲတို့ တွေ့ဆုံခဲ့ကြတာ ဖြစ်တယ်လို့ ထိုင်းဘက်က အတည်ပြုပါတယ်။

တပ်မှူးတွေဟာ အပစ်အခတ်ရပ်စဲမှုကို ထိန်းသိမ်းဖို့၊ တပ်လှုပ်ရှားမှုတွေ ရပ်တန့်ဖို့၊ သေဆုံးသူတွေရဲ့ အလောင်းတွေနဲ့ ဒဏ်ရာရသူတွေ ပြန်ပို့ဖို့ သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။

ပြဿနာတွေဖြေရှင်းဖို့ တဖက်ကို ၄ ယောက်စီပါဝင်တဲ့ ပူးတွဲကော်မတီလည်း ထူထောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

နှစ်ဖက်စစ်တပ်တွေဟာ အငြင်းပွားနယ်စပ်တလျှောက် တပ်ဖွဲ့တွေ ထပ်တိုးမချထားဖို့ သဘောတူခဲ့ကြတယ်လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးကော်မရှင် ညွှန်ချုပ်က ပြောပါတယ်။

အပစ်အခတ်ရပ်စဲမှုကို စောင့်ကြည့်ဖို့ နိုင်ငံတကာ လေ့လာစောင့်ကြည့်သူတွေ လိုအပ်တယ်လို့ပါ ထုတ်ပြန်ထားပါတယ်။

ထိုင်းယာယီဝန်ကြီးချုပ် ဖူထမ်ဝိချာယာချိုင်း ကတော့ ကမ္ဘောဒီးယားဘက်က အပစ်ရပ် ချိုးဖောက်မှုနဲ့ ပတ်သက်ပြီး မလေးရှား၊ အမေရိကန်နဲ့ တရုတ်ကို တိုင်ကြားထားတယ်လို့ ဆိုပါတယ်။

နှစ်နိုင်ငံ ဒေသဆိုင်ရာတပ်မှူးတွေ တွေ့ဆုံရေးဟာ ဇူလိုင် ၂၈ ရက် နှစ်နိုင်ငံဝန်ကြီးချုပ်တွေ မလေးရှားမှာ တွေ့ဆုံစဉ် ရရှိခဲ့တဲ့ အပစ်ရပ်သဘောတူညီချက်ရဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။

၅ ရက်ကြာ တိုက်ခိုက်မှုအတွင်းမှာ အရပ်သားအများစု အပါအဝင် လူ ၄၀ ထက်မနည်း သေဆုံးခဲ့ပြီး လူ ၃၀၀,၀၀၀ ကျော် စစ်ဘေးရှောင်ခဲ့ရတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013