
ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့ကို အလုပ်လုပ်ကိုင်ဖို့လာတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား အယောက် ၃၀ ဇူလိုင် ၂၉ ရက် မနက်အစောပိုင်းက ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အယုဒ္ဓယခရိုင်၊ မဟာရာ့မြို့နယ်၊ ထာ့တော်ကျေးရွာအနီးရှိ အမြန်လမ်းမှာ ကင်းလှည့်နေတဲ့ ထိုင်းရဲတပ်ဖွဲ့က မသင်္ကာဖွယ်ရာ ကားတစီး မောင်းနှင်လာတာကို တွေ့ရှိတာကြောင့် တားဆီး စစ်ဆေးရာကနေ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ မြန်မာနိုင်ငံသား အမျိုးသား အယောက် ၂၀ နဲ့ အမျိုးသမီး ၁၀ ယောက် ပါဝင်ပြီး မြန်မာနိုင်ငံသားတွေကို ကားနဲ့တင်ဆောင်လာတဲ့ ထိုင်းနိုင်ငံသား အမျိုးသား ၂ ယောက် ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့နီးစပ်သူက ပြောပါတယ်။
ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိသူတွေကို စစ်ဆေးရာ သူတို့ဟာ ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့မှာ အလုပ်လုပ်ဖို့ မြဝတီ-မဲဆောက် လမ်းကြောင်းကနေ တရားမဝင် ဝင်ရောက်လာခဲ့တာဖြစ်ပြီး တယောက်ကို ပွဲစားခ ဘတ်ငွေ ၁၂,၀၀၀ ကနေ ၁၈,၀၀၀ ထိ ပေးပြီးထွက်လာရာကနေ ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။
လက်ရှိမှာ ဖမ်းဆီးရမိသူတွေကို မဟာရာ့မြို့နယ်ရဲစခန်းမှာ ထိန်းသိမ်းထားပြီး ထိုင်းနိုင်ငံ ဥပဒေအရ အရေးယူဆောင်ရွက်ပြီးတာနဲ့ သူတို့ကို နယ်စပ်ကတဆင့် မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်သွားမယ်လို့ ထိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။