
ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား အပစ်အခတ်တွေ ရပ်စဲထားဖို့ သဘောတူထားကြပေမဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ပြန်လည်ဖြစ်ပွားနေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်ဒေသ နယ်မြေအငြင်းပွားမှုကြောင့် အပြန်အလှန်ပစ်ခတ်နေတာနဲ့ ပတ်သက်ပြီး ဒေသတွင်း ငြိမ်းချမ်းရေး ပြန်လည်အစပြုဖို့၊ တင်းမာမှုတွေ လျှော့ချဖို့ နှစ်နိုင်ငံ ခေါင်းဆောင်တွေ မနေ့က မလေးရှားနိုင်ငံမှာ တွေ့ဆုံဆွေးနွေးခဲ့ကြကာ ဇူလိုင် ၂၈ ရက် ညသန်းခေါင်ယံအချိန်ကစလို့ အပစ်ခတ်ရပ်ကြဖို့ သဘောတူထားခဲ့ကြတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ကမ္ဘောဒီးယားဘက်က ပစ်ခတ်မှုတွေဆက်လုပ်နေလို့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ထိုင်းကြည်းတပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဝင်းထိုင်း ဆုဝါရီးက သတင်းထောက်တွေကို ပြောပါတယ်။
“နှစ်နိုင်ငံတပ်ဖွဲ့ဝင်တွေ ရောက်တဲ့နေရာမှာ ရပ်တန့်ပြီး ပစ်ခတ်တာတွေ မလုပ်ဖို့ သဘောတူထားကြတယ်။ ထိုင်းဘက်က သဘောတူချက်အတိုင်း လိုက်နာပြီး နယ်စပ်တလျှောက်မှာ ပစ်ခတ်မှုတွေ ချက်ချင်းရပ်ခဲ့တယ်။ ဒါပေမဲ့ မနေ့ ည ၈ နာရီလောက်ကစ “ ဖူးမခေ “ တောင်ကြောမှာ ကမ္ဘောဒီးယားဘက်က ပစ်ခတ်မှုရှိခဲ့တယ်လို့ ဆူရနာရီစစ်ကြောင်းက သတင်းပို့ လာတယ်၊ ထိုင်းဘက်ကလည်း မိမိကိုယ်မိမိ ကာကွယ်တဲ့အနေနဲ့ ပြန်ပစ်တာကြောင့် မနက် ၅ နာရီခွဲထိ ထိတွေ့ပစ်ခတ်မှု ပြန်ဖြစ်ခဲ့တယ်။”
ကမ္ဘောဒီးယားစစ်တပ်ဟာ သဘောတူညီချက်ကို ချိုးဖောက်ပြီး အချင်းချင်း ယုံကြည်ချက်ကို ပျက်ပြားစေတာဟာ ဝမ်းနည်းစရာကောင်းသလို ဒီလုပ်ရပ်ကိုလည်း ရှုတ်ချတယ်၊ ထိုင်းဘက်ကလည်း နိုင်ငံတကာဥပဒေနဲ့အညီ မိမိအချုပ်အခြာအာဏာကို ကာကွယ်တဲ့အနေနဲ့ သင့်လျော်စွာ ပြန်ပြီးတုံ့ပြန်ရမှာဖြစ်တယ်၊ စစ်သည်တွေချထားတာဟာ ပစ်ခတ်ဖို့မဟုတ်ဘဲ မိမိကိုယ် ကာကွယ်ဖို့သာဖြစ်တယ်လို့ ဗိုလ်မှူးချုပ် ဝင်းထိုင်း ဆုဝါရီးက ပြောသွားပါတယ်။
ပစ်ခတ်မှုတွေ ဆက်ဖြစ်နေတာနဲ့ပတ်သက်ပြီး လက်ရှိ ယဉ်ကျေးမှုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဖဲထောင်းထန်း ရှင်နာဝပ်ကလည်း ကမ္ဘောဒီးယားဟာ ကတိမတည်ဘူး၊ လူကြီးလူကောင်း မပီသလို့ သဘောတူညီချက်ကို ချိုးဖောက်တာဟာ မဆန်းပါဘူး၊ ဒီကိစ္စကို ဆွေးနွေးပွဲမှာ အသိသက်သေအဖြစ် တက်ရောက်ခဲ့တဲ့ နိုင်ငံတွေကို အသိပေးရမှာဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောသွားပါတယ်။
ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီးစစ်ဗိုလ်ချုပ် မာလီဆိုကျေးဒါး ကတော့ အပစ်အခတ်ရပ်ဖို့ မလေးရှားနိုင်ငံမှာ နှစ်နိုင်ငံ သဘောတူညီချက်ရတဲ့အတိုင်း သူတို့စစ်တပ်အနေနဲ့ ရောက်တဲ့နေရာကနေ ရပ်တန့်ပြီး စစ်သည်တွေ နေရာမရွှေ့ဖို့ ညွှန်ကြားထားတယ်၊ သန်းခေါင်ကျော်အချိန်ကတည်းကစ ပစ်ခတ်သံတွေ မကြားရတော့ဘူး၊ ဒေသတွင်းအဆင့် ညှိနှိုင်းဆွေးနွေးဖို့ ကော်မတီလည်း ဖွဲ့ထားပြီးဖြစ်တယ်လို့ ဇူလိုင် ၂၉ ရက် ဒီမနက်မှာ ထုတ်ပြန် ပြောကြားပါတယ်။
ဒီမတိုင်ခင် ရှေ့ကတော့ ထိုင်းစစ်တပ်ဟာ သူတို့ကို အဆိပ်ငွေ့ပါ ဓာတုလက်နက်တွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ ပန်းရောင်အငွေ့တွေ လွှတ်နေတဲ့ လေယာဉ်ပျံပုံကို ပြသပြီး ထုတ်ပြန်ပြော ဆိုခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီလေယာဉ်ပျံဟာ ထိုင်းတိုက်လေယာဉ်မဟုတ်ဘဲ အမေရိကန်မှာ တောမီးလောင်စဉ် လေယာဉ်ပေါ်ကနေ ဆေးဖျန်းပြီး မီးသတ်နေတဲ့ ပုံတွေနဲ့တူတယ်လို့ ထိုင်းမီဒီယာတွေက ပြန်လည်နှိုင်းယှဉ်ဖော်ပြကြပါတယ်။
Source : Thai PBS / Thairath / AEC Asean News